ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ် ပစ်ခတ်သော လက်နက် ကြီး ထိမှန်ကာ ပြည်သူ ၂ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ယနေ့ ( မေလ ၄ရက် )၊ နံနက် ၃နာရီကျော်မှစ၍ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် စစ် တပ်နှင့် ကေအိုင်အေပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၁၁ နာရီကျော်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဖားကန့်မြို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” စစ်ရေးတင်းမာနေတာ ၃ရက်လောက်ရှိပြီ။ ဒီမနက်မှ ပစ်သံ၊ ခတ်သံတွေ စကြားရတာ။ လုံးခင်းထဲ နေရာအနှံ့မှာဖြစ်နေတာဗျ။ နေရာယူထားတာကလည်း ရွာဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းပုံစံမျိုး နေရာ ယူထားကြတာ။ စစ်တပ်က အဓိကနေရာယူထားတာ ဂေါက်ကွင်းနဲ့ မှော်စီဇာဘက်မှာ။ အဲဒီနေရာကို KIA၊KPDFက ဝိုင်းပိတ်ထားတယ်လို့ သိရပါတယ်။တိုက်ပွဲဖြစ်တယ်ဆိုမှတော့ အပြန်အလှန် ဟိုဘက် ဒီဘက်ပစ်ကြတာပေါ့။ နှစ်ဖက်ထိခိုက်မှုအခြေအနေတွေတော့ မသိရသေးဘူး။ မနက် ၈ နာရီကျော် မှာ ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးလို့ ပြည်သူတွေထိခိုက်မှုရှိတယ်” ဟု ၎င်းက MPA ကို ပြောသည်။
ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်သော လက်နက်ကြီးများသည် လုံးခင်းကျေးရွာအုပ်စု၊ ကုဋေရွာနှင့် လယ်ပြင်ကျေးရွာသို့ ကျရောက်ခဲ့ပြီး ၁၀နှစ်အောက် ကလေးငယ် ( ကျား ) တစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။
” ကုဋေလမ်းဆုံကိုကျတဲ့ လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ တော် တော်ပြင်းထန်တယ်။ မြို့ပေါ်ဆေးရုံပို့ရမှာ။ တိုက်ပွဲကြားထဲမို့ သွားမရဖြစ်နေတယ်။ လောလော ဆယ် ရွာဆေးခန်းမှာပဲ ထားထားရတယ်။ လယ်ပြင်ရွာက ကလေးထိတာ အရမ်းမစိုးရိမ်ရပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
မှော်စီဇာကျေးရွာရှိ Sky Hotel ရှေ့နှင့် အောင်သာယာရွာသို့ အတက်လမ်းဆုံတွင် ကျရောက်သော လက်နက်ကြီးကျည်၂လုံးမှာ မပေါက်ကွဲသေးသောကြောင့် ပြည်သူများ ဂရုပြုသွားလာကြရန်လည်း ၎င်းက သတိပေးသည်။
ဧပြီ၂ရက်က တစ်ကျော့ပြန် စတင်ခဲ့သော ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း လုံးခင်းကျေးရွာ အုပ်စုကို စစ်တပ်က ထိန်းချုပ်ထားကာ မြေပြင်တိုက်ပွဲများ ငြိမ်သက်ခဲ့ပြီးနောက် ယနေ့တွင် မြေပြင်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။
ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိသဖြင့် ဖားကန့် – နန့်ယား – ကာမိုင်းလမ်းကို ပြည်သူများသွားလာခြင်းမပြုရန် ကေအိုင်အေက ဧပြီ ၂၂ရက်၌ ထုတ်ပြန်ထားသည်။
စာတည်း-ML
