ရခိုင်ပြည်နယ် ဂွမြို့ကို စစ်တပ်အလုံးစုံထိန်းချုပ်ဟုဆိုသော သတင်းအမှား

ရခိုင်ပြည်နယ် ဂွမြို့ကို စစ်တပ်က အလုံးစုံ ထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း စစ်တပ်လော်ဘီများက သတင်းအမှား များ ဖြန့်ဝေနေကြသည်။

စစ်တပ်လော်ဘီ “Ko Myo” အမည်ရှိ ဖေ့ဘွတ်ခ်က ၂၀၂၆ မေ ၄ရက် နံနက် ၁၀နာရီကျော်တွင် ရခိုင်ပြည်နယ် ဂွမြို့ကို စစ်တပ်က ယနေ့တွင် အလုံးစုံထိန်းချုပ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ဓာတ်ပုံနှင့်အတူ ဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ်

အဆိုပါ အကြောင်းအရာကို MPA Fact-Check teamက အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း စိစစ်အတည်ပြုနိုင်ခဲ့သည်။

သက်သေပြချက်

ဓာတ်ပုံကို စစ်ဆေးကြည့်ရာတွင် “ရခိုင်ပြည်နယ် ဂွမြို့မှ ကြိုဆိုပါသည်” “ရခိုင်ပြည်နယ် ဂွမြို့မှ နှုတ်ခွန်း ဆက်သပါသည်” ဟု စာသားပါဝင်ပြီး စစ်သားနှင့် ရဲများ သန့်ရှင်းရေးလုပ်နေကြသည်။

အဆိုပါ ဓာတ်ပုံနှစ်ပုံသည် အပြင်တွင် အမှန်တကယ်မရှိဘဲ Ai ဖြင့် ပြုလုပ်ထားသော ဓာတ်ပုံဖြစ်နေသည်။

ရခိုင်ပြည်နယ် ဂွမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ဒီဇင်ဘာလကုန်တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်းလင့်ခ်များ
Myanmar Now – https://bitly.cx/eYtgj
RFA – https://bitly.cx/B2IjK
BBC – https://bitly.cx/DAcpR

ယခုလက်ရှိတွင် ၂၀၂၆ မေလတွင် ဂွမြို့၌ အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွား ခြင်းမရှိပေ။

“Ko Myo” အမည်ရှိ ဖေ့ဘွတ်ခ်အကောင့်သည် ရခိုင်ပြည်နယ် အမ်း နပခဌာနချုပ်ကို စစ်တပ်က ပြန်လည်ရယူရန် ကြိုးပမ်းနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း မေ ၄ရက် နံနက်ပိုင်းတွင်လည်း ဖြန့်ဝေထားသည်။

လက်ရှိတွင် အမ်းမြို့ရှိ နပခ ဌာနချုပ်ကို အာရက္ခတပ်တော် သိမ်းပိုက်ထားသည်။

အဆိုပါ ဖေ့ဘွတ်ခ်အကောင့်ကို စစ်ဆေးကြည့်ရာတွင် သတင်းအတု၊ သတင်းအမှားများကို မကြာခဏ ရေးတင်လေ့ရှိကြောင်း လေ့လာတွေ့ရှိရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ် ဂွမြို့ကို စစ်တပ်က အလုံးစုံ ထိန်းချုပ်ဟု ဖြန့်ဝေနေခြင်းသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။