ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်ရပ်ရေး တောင်းဆိုမှုကို အမေရိကန်က ဗီတိုအာဏာဖြင့် ထပ်မံ သုံးပယ်ချ

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တောင်းဆိုမှုကို အမေရိကန်က စက်တင်ဘာ ၁၈ရက်တွင်ဗီတိုအာဏာဖြင့် ထပ်မံပယ်ချပြီး မဟာမိတ်ဖြစ်သော အစ္စရေးလကို သံတမန်ရေးအရ ဖိအားပေးခြင်းမှ ကာကွယ်ပေးခဲ့သည်။

ဂါဇာတွင် အငတ်ဘေး ဖြစ်ပွားနေကြောင်း ကုလသမဂ္ဂ၏ ဩဂုတ်လက တရားဝင် ကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် လုံခြုံရေးကောင်စီဝင် ၁၄ နိုင်ငံက ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြသည်။

လုံခြုံရေးကောင်စီ၌ မဲပေးမှုပြုလုပ်နေချိန်တွင် အစ္စရေးတင့်ကားများနှင့် ဂျက်လေယာဉ်များက ဂါဇာမြို့တော်ကို တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုးများ တောင်ဘက်သို့ ထွက်ပြေးခဲ့ကြရသည်။

AFP မှ တွေ့ရှိခဲ့သည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် ‘ ဂါဇာတွင် ချက်ချင်း အကြွင်းမဲ့ ရေရှည်အပစ်ရပ်စဲရေး’နှင့် အတူ ဓားစာခံများကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တောင်းဆိုခဲ့သည်။

အမေရိကန်သည် လုံခြုံရေးကောင်စီ၏ အဆိုပါ တောင်းဆိုချက်များကို အကြိမ်ကြိမ် ပယ်ချခဲ့ရာတွင် အနီးစပ်ဆုံးအနေဖြင့် ဇွန်လကလည်း အစ္စရေးကို ထောက်ခံရန် ၎င်း၏ဗီတိုအာဏာကို အသုံးပြုခဲ့သည်။

အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်တို့အကြား နှစ်နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်၍ အမေရိကန်က လုံခြုံရေးကောင်စီ၌ ဗီတိုအာဏာသုံး၍ ပယ်ချခဲ့ခြင်းသည် ၆ ကြိမ်မြောက်ဖြစ်သည်။

“ဒီဆုံးဖြတ်ချက်က လုံခြုံရေးကောင်စီဟာ ငတ်မွတ်နေတဲ့ အရပ်သားတွေ၊ ဓားစာခံတွေနဲ့ အပစ်ရပ်ရေးတောင်းဆိုမှုအပေါ် ကျောခိုင်းမထားဘူးဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားကို ပေးနိုင်ပါစေ” ဟု ဒိန်းမတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် ခရစ္စတီနာ လာဆန်က မဲမပေးမီ ပြောကြားခဲ့သည်။

“မျိုးဆက်တစ်ခုလုံးဟာ စစ်ပွဲကြောင့်သာမကဘဲ အငတ်ဘေးနဲ့ စိတ်ပျက်အားငယ်မှုတွေကြောင့် ပျက်စီးဆုံးရှုံးနိုင်ခြေရှိပါတယ်။ အစ္စရေးကလည်း ဂါဇာစီးတီးမှာ စစ်ဆင်ရေးကို တိုးချဲ့နေလို့ အရပ်သားတွေရဲ့ ဆင်းရဲဒုက္ခက ပိုပြီး နက်ရှိုင်းလာနေပါတယ်။ ဒီနေ့ ကျွန်တော်တို့ အရေးယူဆောင်ရွက်ဖို့ တွန်းအားဖြစ်စေခဲ့တာက ဒီလိုဆိုးရွားလှတဲ့ အခြေအနေ၊ ဒီလို လူသားချင်းစာနာမှုနဲ့ လူသားပျက်စီးဆုံးရှုံးမှုတွေပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပါကစ္စတန်သံအမတ် အာစင်အာမက်က ဗီတိုအာဏာသုံး၍ ပယ်ချခဲ့ခြင်းကို ‘ဒီခန်းမရဲ့ မှောင်မိုက်တဲ့အချိန်အခါ’ ဟု ခေါ်ဆိုခဲ့သည်။

“ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။ ကလေးငယ်တွေရဲ့ ငိုသံတွေက ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို ထိမှန်စေသင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အယ်လ်ဂျီးရီးယားသံအမတ် အာမာဘန်ဂျာမာက “ဒီကောင်စီက ခင်ဗျားတို့ရဲ့ ကလေးတွေကို မကယ်တင်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ကို ခွင့်လွှတ်ပါ… ကျွန်တော်တို့ရဲ့ စေတနာမှန်တဲ့ ကြိုးစားအားထုတ်မှုတွေက လက်မခံဘဲ ပယ်ချခဲ့တဲ့ အုတ်တံတိုင်းကို သွားတိုက်မိပြီး ကွဲကြေသွားခဲ့ရပါတယ်” ဟု ပါလက်စတိုင်းပြည်သူများကို တောင်းပန်ခဲ့သည်။