မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကင်းပုန်းဝပ်နေသည့်စစ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးကြောင်း သိရသည်။
ယနေ့(စက်တင်ဘာ ၁၈ရက်)နံနက် ၁၀နာရီခန့်တွင် သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာဘူတာအနီး၌ ကင်းပုန်းဝပ်နေသည့် စစ်သားများကို ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRFက သတင်းထုတ်ပြန်သည်။
” ဒီကင်းပုန်းက ဘယ်ကနေလာဝပ်လဲ ဆိုတဲ့ အတိအကျကိုတော့ ကျမတို့အနေနဲ့ ပြောဖို့တော့ခက်တယ်။ ဒါပေမဲ့ လက်ရှိ ကျမတို့ မွန်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေအရဆိုလို့ရှိရင် စကစဘက်ကနေ သူတို့အနေနဲ့ ဖြန့်ကျက်ပြီး ကင်းပုန်းဝပ်တာမျိုးပေါ့နော်။ စစ်အင်အားတိုးပြီးတော့ စစ်ရေးအရ လှုပ်ရှားနေတာမျိုးတွေရှိတယ် ” မွန်ပြည်တော်လှန်ရေးတပ် MSRFမှ ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှု၌ အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့်ကြာပြီး စစ်အုပ်စုဝင် ၄ဦးမျက်မြင်သေဆုံးခဲ့ ကြောင်းသိရသည်။
” ကျမတို့ ခုသွားတိုက်ခဲ့တဲ့ ပြောက်ကျား စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ အနင်းဘူတာရုံနားက ကင်းပုန်းဝပ်တာဆိုလို့ရှိရင် ၁၅ယောက်ပေါ့နော်။ ခန့်မှန်းခြေ ၁၅ယောက်လောက်တော့ရှိပါတယ်ရှင့်။ ပစ်ခတ်တိုက်ခိုက်မှုကတော့ ၁၀မိနစ်ဝန်းကျင်လောက်ပဲကြာတယ်ရှင့်။ အပြန်အလှန်ပစ်ခတ်မှုလည်း ဖြစ်ခဲ့ပါတယ်ရှင့်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် ဘူတာရုံအနီး အင်အားထပ်တိုးထားပြီး သေဆုံးသွားသည့် စစ်သားများကို မည်သို့ဆက်လက်လုပ်ဆောင်ကြောင်း မသိရှိရသေးဟုဆိုသည်။
ယင်းတိုက်ခိုက်မှုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန မှ တပ်များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
