ပြည်တွင်း ဆယ်လီမီဒီယာများ ကျင့်ဝတ်ဖောက်ဖျက်မှုများ ပိုမိုဆိုးရွားလာပြီး ပြဿနာများ ဆက်တိုက်ဖြစ်နေ

ဓာတ်ပုံ - လူမှုကွန်ရက်

ပြည်တွင်းရှိ ဆယ်လီ မီဒီယာများ၌ လုပ်ကိုင်ကြသည့် ပါပါရာဇီများ ကျင့်ဝတ်ဖောက်ဖျက်မှု ပိုမိုဆိုးရွားလာနေရာ ဆယ်လီ အနုပညာသမားများနှင့် ပြဿနာများ ဆက်တိုက် ဖြစ်နေကြောင်း အဆိုပါ အသိုင်းအဝိုင်များအတွင်းမှ စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် လက ပြည်တွင်းရှိ ဆယ်လီ မီဒီယာ တစ်ခု၌ လုပ်ကိုင်သည့် ပါပါရာဇီ တစ်ဦးသည် ရုပ်ရှင် အထူးပွဲတက်လာသည့် အဆိုတော် လွှမ်းပိုင်အား သတင်းသမားများ မမေးအပ်သည့် တစ်ပါးသူ၏ အတွင်းရေးအား မေးမြန်းမှု ဖြစ်ခဲ့သည်။

ထို့ကြောင့် အဆိုတော် လွှမ်းပိုင်မှာ အဆိုပါ ပါပါရာဇီ အား ယင်း ရုပ်ရှင်အထူးပွဲတွင်ပင် ဆဲဆိုခြင်းများ ရှိခဲ့ကြောင်း သိရသည်။

” အဲ့ဒီတစ်ယောက်က ဦးမြတ်ခိုင်ရဲ့ သတင်းစာသင်တန်းဆင်းလေ။ ဦးမြတ်ခိုင်ကတော့ ဘယ်လိုတွေ သင်ပေးလိုက်တယ် မသိဘူး။ သူကတော့ ပွဲမှာ လုပ်ချလိုက်တာ အကုန်လုံး အမည်ပျက်ရတော့တာပဲ” ဟု ပြည်တွင်း အနုပညာသတင်းလိုက်သူ တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်တွင် အဆိုတော် လွှမ်းပိုင် ဆဲဆိုနေသည့် ဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ် တင်ရှိခဲ့သည်ဟုဆိုကာ အခြား ပါပါရာဇီတစ်ဦးအား ပေါ်ပြူလာ ပါပါရာဇီ သတင်းဌာန အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဖိအားပေး ခံဝန်ထိုး တောင်းပန်စေခြင်းကို ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

စက်တင်ဘာ ၁၅ရက် တွင်လည်း ပြည်တွင်းရှိ ပါပါရာဇီများသည် နာမည်ကြီး ဆယ်ကျော်သက် အလှမယ် တစ်ဦးနှင့် ပတ်သတ်၍ သတင်းသမားများ စောင့်ထန်းအပ်သည့် အပြုအမူများကို ကျော်လွန်ဖောက်ဖျက်ကာ ပျက်ရယ်ပြုသော စနောက်ထားသည့် ဗီဒီယိုဖိုင်တစ်ခုကို ၄င်းတို့၏ လူမှုကွန်ရက် အကောင့်များတွင် တင်ရှိခဲ့သည်။

ထို့ကြောင့် အဆိုပါ အလှမယ်နှင့် အလှမယ်ဘက်မှ ထောက်ခံသူများက တရားမဲ့ ပျက်ရယ်ပြုသည့် ပါပါရာဇီနှင့် ၄င်း အလုပ်လုပ်ကိုင်သည့် ဆယ်လီမီဒီယာဌာနအား ဖိအားပေးခြင်းများ ရှိလာခဲ့ကြောင်းသိရသည်။

” သောကြာသမီး အလှမယ်ကို မေးဖူးသမျှ Miss တွေထဲမှ စိတ်ပျက်ဖို့ အကောင်းဆုံးဆိုတဲ့ ပုံစံမျိုး ပြောချလိုက်တော့ ဟိုဘက်က အတင်းတွေ ဖိအားပေးလာတာပေါ့” ဟု အဆိုပါ ဖြစ်စဥ်ကို သိရှိသည့် ပြည်တွင်း သတင်းထောက်တစ်ဦးက ပြောပြသည်။

ယင်းဖြစ်စဥ်တွင် ပျက်ရယ်ပြုသူ ပါပါရာဇီမှာ ၄င်းအလုပ်လုပ်ကိုင်ရာ အလုပ်မှ ထွက်ခဲ့ရသည်ဟု သိရသည်။

ထိုသို့ သတင်းသမား ကျင့်ဝတ်ဖောက်ဖျက်နေသည့် ပါပါရာဇီများကြောင့် သတင်းသမားများ အပေါ် ကျော်ကြားသူများနှင့် ပြည်သူများက ယုံကြည်လေးစားမှုများ ကျဆင်းလာသည်ကိုလည်း တွေ့ရသည်။

” ဖွေးဖွေးက ပေါ်ပြူလာက တင်တဲ့ ပုံမှာ သူ မလှလို့ဆိုပြီး နာမည်တပ် ပြဿနာရှာတယ်။ အမှန်ဆို အရင်က သူတို့ဘာသာ နာမည်ဘယ်လောက်ကြီးကြီး သတင်းဌာနတွေရဲ့ ကျင့်ဝတ်စောင့်ထိန်းမှု အားကောင်းတော့ မလုပ်ရဲဘူး။ အခုတော့ ဒါမျိုး ပြောရဲလာတယ်။ တစ်ဖက်ကလည်း တောင်းပန်တာပဲ။ တကယ်တော့ ပုံလှတာမလှတာ သူတို့ ပြောပိုင်ခွင့်ကို မရှိတာလေ” ဟု လွတ်လပ်ပြီး ကျင့်ဝတ်စောင့်ထိန်းသော သတင်းဌာနတစ်ခု၌ လုပ်ကိုင်သည့် အသက် ၃၀ကျော် သတင်းထောက်တစ်ဦးက မှတ်ချက်ပေးသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်းရှိ ဆယ်လီမီဒီယာများသည် အနုပညာအမည်ခံ ပါပါရာဇီ သတင်းများကို အပြိုင်အဆိုင် လိုက်လာကြရာမှ ကျင့်ဝတ်ဖောက်ဖျက်သည့် ဖြစ်စဥ်များ မကြာခဏဆိုသလို ဖြစ်ပွားနေခဲ့သည်ကိုလည်း တွေ့ရသည်။