Meta က AI နည်းပညာသုံး စမတ်မျက်မှန်ကို စတင် မိတ်ဆက်

ဓာတ်ပုံ - Meta
ပုံစာ - Meta က ထုတ်လုပ်လိုက်သည့် စမတ်မျက်မှန်နှင့် အဝေးမှ ထိန်းချုပ်နိုင်ရာတွင် လက်၏ အမူအရာများကို သိရှိနိုင်သည့် အဆင့်မြင့် လက်ပတ်တစ်ခု

Meta Platforms ကုမ္ပဏီက AI နည်းပညာသုံး စမတ်မျက်မှန်များကို စက်တင်ဘာ ၁၇ ရက်က စတင် မိတ်ဆက်လိုက်သည်။

Ray-Ban တံဆိပ် မျက်မှန်ထုတ်ကုန်များ၏ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းရန် ရည်ရွယ်၍ Built-in Display ပါဝင်သည့် မျက်မှန်ကို Meta ၏ Connect ပွဲ၌ CEO ဖြစ်သူ မာ့ခ် ဇူကာဘတ်က Meta Ray-Ban Display နှင့် လက်ကောက်ဝတ်ထိန်းချုပ်ကိရိယာအသစ်ကို ပြသခဲ့ရာ သရုပ်ပြရာတွင် အချို့ပြဿနာများ ရှိခဲ့သော်လည်း ပရိသတ်က လက်ခုပ်သံများဖြင့် အားပေးခဲ့သည်။

Meta သည် စမတ်မျက်မှန်များဖြင့် အောင်မြင်မှုရရှိခဲ့ပြီး ယင်းထုတ်ကုန်များသည် လူသားများအနေဖြင့် “မဟာအသိဉာဏ်” (Superintelligence) ဟုခေါ်သော AI ၏ ရည်မှန်းချက်ကို ရောက်ရှိရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဇူကာဘတ်က ပြောကြားခဲ့သည်။

“ဒီမျက်မှန်တွေဟာ တစ်ဦးချင်းစီအတွက် ‘Superintelligence’ ကို ရရှိဖို့ အကောင်းဆုံး ပုံစံပါပဲ။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့က သင့်ကို ပိုမိုစမတ်ကျစေမယ့်၊ ပိုမိုကောင်းမွန်စွာ ဆက်သွယ်နိုင်စေမယ့်၊ မှတ်ဉာဏ်နဲ့ အာရုံခံစားမှုတွေကို တိုးတက်စေမယ့် AI စွမ်းရည်အားလုံးကို ရယူနေချိန်မှာပဲ လက်ရှိအခြေအနေမှာပဲ တည်ရှိနေစေနိုင်လို့ပါ” ဟု ဇူကာဘတ်က ဆိုသည်။

မျက်မှန်တွင်ပါရှိသည့် မှန်နည်းပညာ အသစ်တွင် သတိပေးချက်များကဲ့သို့သော အခြေခံလုပ်ဆောင်မှုများအတွက် ညာဘက်မှန်ဘီလူးတွင် သေးငယ်သည့် ဒစ်ဂျစ်တယ်မျက်နှာပြင်တစ်ခု ပါဝင်သည်။ ယင်းမျက်မှန်များကို အမေရိကန်ဒေါ်လာ ၇၉၉ ဖြင့် စတင်ရောင်းချမည်ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်နေ့တွင် စတိုးဆိုင်များတွင် ရရှိနိုင်မည်ဖြစ်သည်။

ယင်းစျေးနှုန်းတွင် စာတိုများ ပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်းကဲ့သို့သော လုပ်ဆောင်မှုများကို လက်အမူအရာဖြင့် ပြောင်းလဲပေးနိုင်သည့် လက်ကောက်ဝတ်ထိန်းချုပ်ကိရိယာတစ်ခုလည်း ပါဝင်သည်။

ကယ်လီဖိုးနီးယား၊ Menlo Park ရှိ ၎င်း၏ ရုံးချုပ်တွင် နှစ်စဉ်ကျင်းပသော Meta ၏ Connect ညီလာခံ၌ ယခုမိတ်ဆက်ပွဲသည် စွန့်စားရမှုများသော AI ပြိုင်ပွဲတွင် ပြိုင်ဘက်များကို မီအောင် လိုက်ရန် နောက်ဆုံးကြိုးပမ်းမှုတစ်ခုဖြစ်သည်။

Meta မီဒီယာကုမ္ပဏီကြီးသည် စမတ်မျက်မှန် များ တီထွင်ထုတ်လုပ်ရာတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့သော်လည်း အဆင့်မြင့် AI မော်ဒယ်များကို မိတ်ဆက်ရာတွင် OpenAI နှင့် Alphabet (GOOGL.O) တို့၏ Google ကဲ့သို့သော ပြိုင်ဘက်များနောက်တွင် ကျန်နေသေးသည်။

ဇူကာဘတ်သည် ပြိုင်ဘက်များထံမှ အင်ဂျင်နီယာများကို ခေါ်ယူရန်အတွက် Silicon Valley တွင် စွမ်းရည်ပြိုင်ဆိုင်မှုစစ်ပွဲကို စတင်ခဲ့ပြီး ခေတ်မီဆန်းပြားသော AI ချစ်ပ်များအတွက် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးစွဲမည်ဟု ကတိပြုခဲ့သည်။

Meta သည် စက်တင်ဘာ ၁၇ ရက်က အားကစားသမားများအတွက် ရည်ရွယ်သည့် Oakley တံဆိပ်ပါ Vanguard အမည်ရှိ မျက်မှန်အသစ်တစ်မျိုးကိုလည်း မိတ်ဆက်ခဲ့ပြီး စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၉၉ ဖြစ်သည်။ အဆိုပါထုတ်ကုန်သည် Garmin နှင့် Strava ကဲ့သို့သော ကြံ့ခိုင်ရေးပလက်ဖောင်းများနှင့် ပေါင်းစပ်ထားပြီး လေ့ကျင့်ခန်းဆိုင်ရာ အချက်အလက်များနှင့် လေ့ကျင့်ပြီးနောက် အကျဉ်းချုပ်များကို တချိန်တည်း ဖော်ပြပေးနိုင်ကာ ဘက်ထရီသက်တမ်း ၉ နာရီအထိ ခံသည်။ ၎င်းကို အောက်တိုဘာ ၂၁ ရက်နေ့တွင် စတင်ရရှိနိုင်မည်ဖြစ်သည်။

လေ့လာသုံးသပ်သူများက စမတ်မျက်မှန်၏ ရောင်းအားသည် မြင့်မားမည်ဟု မမျှော်လင့်ကြသော်လည်း ၎င်းသည် ၂၀၂၇ ခုနှစ်တွင် မိတ်ဆက်ရန် စီစဉ်ထားသည့် Meta ၏ “Orion” မျက်မှန်များဆီသို့ ခြေလှမ်းတစ်လှမ်းဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။

Meta သည် ပြီးခဲ့သည့်နှစ်က အဆိုပါမျက်မှန်၏ ပုံစံငယ်ကို မိတ်ဆက်ခဲ့ပြီး ဇူကာဘတ်က ၎င်းကို “အနာဂတ်သို့ အချိန်ခရီးသွားနိုင်သည့်စက်” (time machine to the future) ဟု ပြောကြားထားသည်။