ရုရှားနိုင်ငံ၏ Victory Day အထိမ်းအမှတ် အခမ်းအနားများမတိုင်မီ မော်စကိုရှိ အထပ်မြင့်အဆောက်အအုံကို ယူကရိန်းဒရုန်း ထိမှန်

ဓာတ်ပုံ - AP
ပုံစာ - မော်စကိုမြို့တော် Mosfilmovskaya လမ်းရှိ အထပ်မြင့်အဆောက်အအုံအား မေလ ၄ ရက်က ယူကရိန်း ဒရုန်းထိမှန်ပြီးနောက် တွေ့ရစဉ်

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ လူနေအထပ်မြင့်အဆောက်အအုံတစ်ခုကို မေလ ၄ ရက် အစောပိုင်းက ယူကရိန်းဒရုန်းတစ်စင်း ထိမှန်ခဲ့ရာ လူသေဆုံးမှုမရှိသော်လည်း အဆောက်အအုံ၏ အပြင်ဘက်မျက်နှာစာတွင် သိသာထင်ရှားစွာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

နာဇီဂျာမနီအပေါ် ဆိုဗီယက်ယူနီယံ၏ အောင်ပွဲအထိမ်းအမှတ်အဖြစ် မေလ ၉ ရက်နေ့တွင် ကျင်းပမည့် စစ်ရေးပြအခမ်းအနား မတိုင်မီရက်ပိုင်းအလိုတွင် ရုရှားမြို့တော်သည် သုံးညဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုတစ်ခုတွင် ဖုန်မှုန့်များနှင့် အုတ်ကျိုးအုတ်ပဲ့များ ဖုံးလွှမ်းနေပြီး ပြတင်းပေါက်များ ပွင့်ထွက်သွားသည့် ပြင်းထန်စွာ ပျက်စီးနေသော တိုက်ခန်းတစ်ခုအတွင်းသို့ မီးသတ်သမားများ ဝင်ရောက်သွားသည်ကို တွေ့ရပြီး၊ အခြားဗီဒီယိုတစ်ခုတွင်မူ လမ်းပေါ်တွင် ပြန့်ကျဲနေသော ဒရုန်းအစိပ်အပိုင်းများကို တွေ့ရသည်။

အခြားဒရုန်းနှစ်စင်းကိုမူ ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း မြို့တော်ဝန် ဆာဂေး ဆိုဘီယန်နင်က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် Vnukovo နှင့် Domodedovo နိုင်ငံတကာလေဆိပ်များတွင် ညပိုင်း လုပ်ငန်းများကို ခေတ္တရပ်နားခဲ့ရသည်။

မေလ ၃ ရက်နှင့် ၄ ရက်တို့တွင် ရုရှားနိုင်ငံဒေသအသီးသီး၌ ဒရုန်းစုစုပေါင်း ၁၁၇ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

စိန့်ပီတာစဘတ် (St Petersburg) ဒေသတစ်ခုတည်းကိုပင် ဒရုန်းအစင်းရေ ၆၀ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ “အစုလိုက်အပြုံလိုက်” တိုက်ခိုက်မှုဖြစ်ကြောင်း ဒေသန္တရအုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ဒရောဇန်ကို က ဆိုသည်။

တိုက်ခိုက်ခံရသည့် လူနေအဆောက်အအုံမှာ မော်စကို အနောက်တောင်ဘက်ရှိ အဆင့်မြင့်ရပ်ကွက်တစ်ခုတွင် တည်ရှိပြီး၊ မေလ ၉ ရက်နေ့တွင် စစ်ရေးပြအခမ်းအနား ကျင်းပမည့် ကရင်မလင်နန်းတော်နှင့် ရင်ပြင်နီ (Red Square) တို့မှ ၁၀ ကီလိုမီတာ (၆ မိုင်) မပြည့်သည့် အကွာအဝေးတွင် ရှိသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ကတည်းက ယူကရိန်းဒရုန်းများသည် မော်စကိုမြို့ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည်။

ဒရုန်းသတိပေးချက်များကြောင့် မြို့တော်အစွန်အဖျားရှိ လေဆိပ်များ မကြာခဏ ပိတ်ထားရပြီး လေကြောင်းခရီးစဉ်များ နှောင့်နှေးမှုရှိသော်လည်း၊ မြို့တော်အများစုကို Pantsir-S မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်ဖြင့် ကာကွယ်ထားသဖြင့် မြို့လယ်နှင့် ယခုကဲ့သို့ နီးကပ်သော နေရာကို တိုက်ခိုက်နိုင်မှုမှာ ဖြစ်တောင့်ဖြစ်ခဲပင် ဖြစ်သည်။

Victory Day အခမ်းအနားများမတိုင်မီ စိုးရိမ်ပူပန်မှုများ ရှိနေသောကြောင့် ရင်ပြင်နီတွင် ကျင်းပမည့် နှစ်စဉ် စစ်ရေးပြအခမ်းအနားကို လျှော့ချကျင်းပမည်ဖြစ်ကြောင်း ရုရှားက ပြီးခဲ့သည့်အပတ်တွင် ကြေညာခဲ့သည်။

“လုံခြုံရေးအကြောင်းပြချက်” ဖြင့် လာမည့်တစ်ပတ်အတွင်း မော်စကိုတွင် မိုဘိုင်းအင်တာနက် သုံးစွဲမှုကို ကန့်သတ်သွားမည်ဖြစ်ကြောင်း ဒေသန္တရ ဖုန်းအော်ပရေတာအချို့က ပြောကြားထားသည်ဟု ရုရှားမီဒီယာများက မေလ ၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကမူ “ရင်ပြင်နီပေါ်ကို ဒရုန်းတွေ ပျံတက်လာမှာကို ကရင်မလင်က ကြောက်နေတာပဲ။ ဒါဟာ အခြေအနေကို ဖော်ပြနေတာပါ… ကျွန်တော်တို့ဘက်က ဖိအားတွေကို ဆက်ပေးထားဖို့ လိုတယ်” ဟု ပြောကြားခဲ့သည်။

စစ်ပွဲစတင်ကတည်းက ယူကရိန်းသည် ၎င်း၏နယ်စပ်မှ မိုင်ပေါင်း ရာနှင့်ချီဝေးကွာသော ပစ်မှတ်များကို ထိမှန်နိုင်သည့် အဝေးပစ်ဒရုန်းလက်နက်များကို ထုတ်လုပ်လာနိုင်ခဲ့သည်။

ထိုဒရုန်းများသည် ယခုအခါ ရုရှား၏ ရေနံထုတ်လုပ်မှုနှင့် ဝင်ငွေကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် ရုရှားနိုင်ငံတစ်ဝန်းရှိ စွမ်းအင်အခြေခံအဆောက်အအုံများနှင့် ရေနံချက်စက်ရုံများကို ပုံမှန်တိုက်ခိုက်လျက်ရှိသည်။

မေလ ၃ ရက်နေ့ကလည်း ရုရှားဆိပ်ကမ်းနှစ်ခုကို သီးခြားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ရုရှားရေနံတင်သင်္ဘော သုံးစင်း၊ ခရုစ်ဒုံးကျည်တင် စစ်သင်္ဘောတစ်စင်းနှင့် ကင်းလှည့်သင်္ဘောတစ်စင်းတို့ကို ထိမှန်ခဲ့ကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။

အဆိုပါ ရေနံတင်သင်္ဘောများသည် ၂၀၂၂ ခုနှစ် ကျူးကျော်မှုကြောင့် ချမှတ်ထားသော အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် အသုံးပြုနေသည့် ရုရှား၏ “မှောင်ခိုရေယာဉ်စု” (Shadow fleet) တွင် ပါဝင်သည်ဟု ဇလန်းစကီးက ဆိုသည်။

ရုရှားဘက်ကလည်း ယူကရိန်းမြို့များကို နေ့စဉ်နှင့်အမျှ သေကျေပျက်စီးစေသော လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိရာတွင် မေလ ၄ ရက်က ရုရှားနယ်စပ်အနီး ခါကိဗ် (Kharkiv) မြို့အနီးတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် လေးဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။