တရုတ် မီးရှူးမီးပန်း စက်ရုံ ပေါက်ကွဲမှုတွင် ၂၁ ဦး သေဆုံး

ပုံစာ - ဟူနန်ပြည်နယ်ရှိ Changsha Liuyang Huasheng မီးရှူးမီးပန်းစက်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားစဉ်။

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ရုံတွင် မေလ ၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၂၁ ဦး သေဆုံးပြီး ၆၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

လျိုရန်မြို့ရှိ Huasheng မီးရှူးမီးပန်းစက်ရုံတွင် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၀ မိနစ် ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးသမားများက စက်ရုံ၏ ၃ ကီလိုမီတာ (၁.၉ မိုင်) ပတ်လည်အတွင်းရှိ လူအားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

အာဏာပိုင်များသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ဒဏ်ရာရရှိသူများကို ကုသရန်အတွက် ဝန်ထမ်းအင်အား ၅၀၀ နီးပါးကို စေလွှတ်ခဲ့ရပြီး အဆောက်အအုံအတွင်း ပိတ်မိနေသူများကို ရှာဖွေရာတွင် ကူညီရန် စက်ရုပ်များကိုလည်း အသုံးပြုခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည့် ရဲတပ်ဖွဲ့က မီးရှူးမီးပန်းကုမ္ပဏီ၏ တာဝန်ခံကို ထိန်းသိမ်းထားကြောင်းလည်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြ သည်။
ထို့ပြင် “ကယ်ဆယ်ရေးကာလအတွင်း ဒုတိယအကြိမ် ထပ်မံမတော်တဆမှုများ မဖြစ်ပွားစေရန်” ပတ်ဝန်းကျင်ကို စိုစွတ်အောင်ပြုလုပ်ခြင်း (humidifying) ကဲ့သို့သော အစီအမံများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။

ပေါက်ကွဲမှု၏ဒဏ်မှာ အလွန်ပြင်းထန်လှသဖြင့် စက်ရုံအနီးရှိ လူနေအဆောက်အအုံများ၏ ပြတင်းပေါက်မှန်များပါ ကွဲအက်ကုန်ကြောင်း CCTV သတင်းထောက်တစ်ဦးက အခင်းဖြစ်ပွားရာနေရာမှ ရုပ်သံသတင်းတင်ဆက်မှုတွင် ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်က ပျောက်ဆုံးနေဆဲဖြစ်သူများကို ရှာဖွေရန်နှင့် ဒဏ်ရာရသူများကို ကယ်တင်ရန် အစွမ်းကုန်ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် တာဝန်ရှိသူများကို အရေးယူနိုင်ရန်အတွက် အဆိုပါမတော်တဆမှုကို စုံစမ်းစစ်ဆေးရန်လည်း ရှီက အမိန့်ပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဆိုသည်။

စက်ရုံနှင့် ၁ ကီလိုမီတာခန့်အကွာတွင် နေထိုင်သည့် ဒေသခံတစ်ဦးက Beijing News သို့ ပြောကြားရာတွင် လမ်းပေါ်သို့ ကျောက်ခဲများ လွင့်စင်လာသောကြောင့် ရွာသားများသည် ယခုအခါ လမ်းလွှဲများကို အသုံးပြုနေရကြောင်း ပြောပြခဲ့သည်။

“ကျွန်မတို့အိမ်က မှန်ပြတင်းပေါက်တွေ အကုန်ကွဲကုန်တယ်၊ အလူမီနီယံ ပြတင်းပေါက်ဘောင်တွေလည်း ပုံပျက်သွားသလို စတီးတံခါးတွေတောင် တွန့်လိမ်ကုန်တယ်” ဟု သူမက ဆိုသည်။

အခြားဒေသခံတစ်ဦးကမူ သူမအနေဖြင့် ကြောက်ရွံ့သဖြင့် ကျေးရွာမှ ထွက်ခွာလာခဲ့ကြောင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။

လျိုရန်မြို့သည် မီးရှူးမီးပန်းများ ထုတ်လုပ်ရာတွင် လူသိများပြီး ကမ္ဘာ့အကြီးဆုံး မီးရှူးမီးပန်း ထုတ်လုပ်သည့်မြို့အဖြစ် သိရှိထားသည်။

တရုတ်နိုင်ငံတွင် မီးရှူးမီးပန်းစက်ရုံများနှင့် ဆိုင်များ၌ ပေါက်ကွဲမှုဖြစ်ပွားခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိပြီး သေကျေပျက်စီးမှုလည်း များပြားတတ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ဟူဘေးပြည်နယ်ရှိ မီးရှူးမီးပန်းဆိုင်တစ်ဆိုင် ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ဖူးသည်။