ချင်းပြည်နယ်၊ တီးတိန်မြို့နယ်သို့ စစ်ကူလာသည့် စစ်ကြောင်းနှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။
မေလ ၂ရက်မှစ၍ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်သို့ သိုင်းငင်း – တီးတိန် လမ်းပိုင်းအတိုင်းလာသည့် စစ်အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို မေလ ၄ရက် မွန်းလွဲပိုင်းတွင် ထန်မွှော်တောင် ခေါ် လေထန်ကုန်း နှင့် အပ်လွယ်ကျေးရွာအနီးတဝိုက်၌ ချင်းပူးပေါင်းတပ်က ကြား ဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” လေထန်ကုန်း၊ အပ်လွယ်ကျေးရွာကနေ ကနေဒီတောင်ကုန်းကို စိုးမိုးထိန်းချုပ်ဖို့နဲ့ အဲဒီကနေ တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းထဲ စစ်အင်အား ပူးပေါင်းဖို့ဖြစ်တယ်။ တိုက်ပွဲတွေက တောက် လျှောက်ပြင်းထန်နေတယ်။ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ် နေတယ်။ မနေ့ ( မေလ ၄ရက် )က လေကြောင်းကနေ ဗုံး ၆လုံးဆက်တိုက်ကြဲချတယ်။ သူတို့က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူရယူပြီး မြေပြင်စစ်ကြောင်းကနေ တဖြည်းဖြည်းတိုးလာ တဲ့ပုံစံပါ။ မနေ့က တိုက်ပွဲမှာ စစ်သား ၅ဦးထက်မနည်း သေဆုံးနိုင်ပေမဲ့ အတည်ပြုနိုင်တာက ၅ဦးပါ။ ကိုယ့်ဘက်က တစ်ဦးကျဆုံးတယ် ” ဟု တီးတိန်မြို့နယ်ရှိ ချင်းတော်လှန်ရေးပူးပေါင်းတပ်များနှင့် နီးစပ်သူတစ်ဦးက MPA ကို ပြောသည်။
တီးတိန်မြို့ကို ချင်းပူးပေါင်းတပ်များက ဝင်ရောက်သိမ်းပိုက်မည်ဟု သတင်းများထွက်ပေါ်နေ သောကြောင့် စစ်တပ်က စစ်ကူပို့၍ အင်အားဖြည့်တင်းနေခြင်းဖြစ်ကြောင်း သိရသည်။
” စစ်တပ်နဲ့ပေါင်းသွားတဲ့ ZRA EC ဘက်က တီးတိန်ကို ဝင်မတိုက်ဖို့ဆိုပြီး စာစထုတ်တာ။ စာထုတ် ပြီး နောက်ရက်မှာ ချက်ချင်း ကလေးကနေ စစ်ကူစစ်ကြောင်းတက်လာတယ်။ တက်လာတဲ့စစ် ကြောင်းကို ဒီ သိုင်းငင်း-တီးတိန်လမ်းပိုင်းမှာရှိတဲ့ အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်များက မတိုက်ခိုက်ကြရန် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA – EC) က မေလတစ်ရက်တွင် ထုတ်ပြန်ထားသည်။
တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မည့် သတင်းများကြောင့် တီးတိန်မြို့ခံအများစုသည် ကလေး မြို့နှင့် အိန္ဒိယ-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
