သီလရှင် ပုံစံ ယှဉ်ပြိုင်ခဲ့သည့် အလှမယ် Miss Grand Myanmar ပြိုင်ပွဲမှ ထုတ်ပယ်ခံရ

Miss Grand Myanmar 2026 (MGM) ပြိုင်ပွဲ၏ အမျိုးသားဝတ်စုံပြိုင်ပွဲတွင် တာချီလိတ်အလှမယ်၏ တင်ဆက်မှုသည် ဘာသာရေးနှင့် ယဉ်ကျေးမှုကို ထိခိုက်စေသည်ဟုဆိုကာ MGM Organization က ၎င်းအား ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်ရပ်သည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြင်းထန်သော ဝေဖန်မှုများနှင့်အတူ အများပြည်သူအကြား ရေပန်းစားသော သတင်းတစ်ခု ဖြစ်လာခဲ့သည်။

MGM Organization ၏ ထုတ်ပြန်ချက်အရ ပြိုင်ပွဲမတိုင်မီ ပြုလုပ်ခဲ့သည့် Full Rehearsal (ဇာတ်တိုက်လေ့ကျင့်မှု) နှစ်ကြိမ်စလုံးတွင် အဆိုပါအလှမယ်သည် ယခုကဲ့သို့သော Performance (တင်ဆက်မှု) မျိုးကို ကြိုတင်ပြသခဲ့ခြင်း မရှိကြောင်း ဆိုထားသည်။

ပြိုင်ပွဲဝင်များအနေဖြင့် ဘာသာတရားနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့် အပြုအမူများ မပြုလုပ်ရန် အသေးစိတ်မှာကြားထားသော်လည်း အလှမယ်က လျစ်လျူရှုခဲ့သည်ဟု MGMဆိုသည်။

အဆိုပါတင်ဆက်မှုတွင် ဗုဒ္ဓဘာသာဆိုင်ရာ အထိမ်းအမှတ်ပုံရိပ်များကို မလျော်ကန်သည့်ပုံစံဖြင့် အသုံးပြုခဲ့သည်ဟု ယူဆချက်များကြောင့် ပြိုင်ပွဲစီမံခန့်ခွဲသူများက စာချုပ်ပါစည်းကမ်းချက်များအတိုင်း ပြတ်ပြတ်သားသား အရေးယူခဲ့ခြင်း ဖြစ်သည်ဟု MGMက ထုတ်ပြန်ထားသည်။

ပြည်သူတစ်ဦးက “အလှမယ်ပြိုင်ပွဲဆိုတာ ယဉ်ကျေးမှုကို ဖော်ထုတ်ရမှာပါ။ ဘာသာရေးနဲ့ပတ်သက်တဲ့ သင်္ကေတတွေကို အလေးမထားဘဲ အခုလို တင်ဆက်တာမျိုးကတော့ ဘယ်လိုမှ လက်ခံလို့မရပါဘူး။ အဖွဲ့အစည်းက အချိန်မီ အရေးယူလိုက်တာဟာ သင့်တော်ပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း ပြိုင်ပွဲ၏ စည်းကမ်းစနစ်အပေါ် ဝေဖန်လိုသည့် ပရိသတ်တစ်ဦးက “အလှမယ်မှာလည်း တာဝန်ရှိသလို Organization ဘက်ကလည်း တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လိုအပ်တာပေါ့။ စင်ပေါ်ရောက်မှ ဒီလိုဖြစ်သွားတာဟာ ပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပါတယ်။ စည်းကမ်းဖောက်ဖျက်တဲ့အတွက် အရေးယူတာကိုတော့ ထောက်ခံပါတယ်” ဟု မှတ်ချက်ပြုသည်။

MGM ဘက်ကမူ ၎င်းတို့အနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ကိုးကွယ်ရာ ဘာသာတရားအားလုံးကို အစဉ်တစိုက် လေးစားကြောင်းနှင့် အဆိုပါအလှမယ်သည် တာဝန်ရှိသူများကို အရိပ်အမြွက်ပင် အကြောင်းကြားခြင်းမရှိဘဲ ကိုယ်ပိုင်အစီအစဉ်ဖြင့် လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ရှင်းလင်းထားသည်။

အနုပညာနှင့် တီထွင်ဖန်တီးမှု ရှုထောင့်မှ ကြည့်မြင်သူတစ်ဦးကမူ “ဖန်တီးမှုဆိုတာ နယ်စည်းမခြားပေမဲ့ ကိုယ့်နိုင်ငံရဲ့ အထိခိုက်မခံတဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု နယ်နိမိတ်ကိုတော့ သတိထားသင့်ပါတယ်။ အခုလို ဖြစ်ရပ်မျိုးက နောင်လာမယ့် ပြိုင်ပွဲဝင်တွေအတွက် သင်ခန်းစာ အကြီးကြီးဖြစ်သွားစေတယ်” ဟု ဆိုသည်။

စာချုပ်ပါစည်းကမ်းအရ နိုင်ငံတော်နှင့် အဖွဲ့အစည်း၏ ဂုဏ်သရေကို ညှိုးနွမ်းစေသော အပြုအမူများ ဆောင်ရွက်ခြင်းသည် ပြိုင်ပွဲမှ ထုတ်ပယ်ရန် လုံလောက်သောအကြောင်းရင်းဖြစ်ကြောင်း၊ အထူးသဖြင့် လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုရာရောက်စေသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ဖြစ်ပေါ်သွားခြင်းအတွက် MGM Organization က ပြည်သူလူထုထံ အနူးအညွတ် တောင်းပန်ခဲ့ပြီး နောက်နောင်တွင် ဤကဲ့သို့သော ဖြစ်ရပ်မျိုး လုံးဝမဖြစ်စေရန် အာမခံကြောင်းနှင့် စစ်ဆေးမှုများကို ပိုမိုတင်းကျပ်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။