လေးကေစခန်းမှ ဖမ်းဆီးမိခဲ့သော ဒုတပ်ရင်းမှူးနှင့်စစ်သားများကို အထူးတိုင်းစစ်ဌာန စစ်သုံ့ပန်းစခန်းတွင် ထိန်းသိမ်းထား

ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန
ပုံစာ-ဖမ်းဆီးမိသော စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ။

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊လေးကေစခန်းမှ ဖမ်းဆီးမိခဲ့သော ဒုတပ်ရင်းမှူးအပါအဝင် စစ်သား များကို အထူးတိုင်းစစ်ဌာန၏ စစ်သုံ့ပန်းစခန်း-၂ တွင် ဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရ သည်။

ဧပြီ၁၂ရက်တွင် လေးကေစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်း စခန်းမှ ထွက်ပြေးသွားသော စစ်သားများအား လိုက်လံချေမှုန်းခဲ့ရာ စစ်သား ၇ ဦး သေဆုံး၍ ၁၈ ဦးကို အရှင်ဖမ်းမိခဲ့ပြီး သေနတ်အလက်၂၀နှင့် ခဲယမ်းများလည်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊အမှတ်တစ် စစ်ဆင်ရေးနယ်မြေက ယနေ့(မေ၅ရက်) သတင်းထုတ်ပြန်သည်။

စစ်တပ်သည် လေးကေစခန်းနှင့် ဝင်းတာပန်စခန်း မကျစေရေးအတွက် တပ်မ ၄၄ လက်အောက်ခံ၊ ခလရ-၈ နှင့် ခမရ ၂ ပူးပေါင်းအင်အား ၂၀၀ ခန့်ဖြင့် ပိန္နဲတောဗျူဟာစခန်းမှ စစ်ကြောင်းထိုးလာခဲ့ပြီး တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား၂၅ ဦးသေကာ ၃၀ခန့် ဒဏ်ရာရ၍ လက်နက်မျိုးစုံ ၂၂ လက်၊ Drone Gun တစ်လက်၊ ခဲယမ်းများနှင့် စစ်သုံ့ပန်း ၆ဦး ရမိခဲ့ကြောင်း သိရသည်။

“လေးကေကို သိမ်းပြီးလို့ ဝင်းတာပန်ကို ဆက်ထိုးတဲ့အချိန်မှာ တောက်လျှောက်ကို စစ်တပ်က ဗုံးကြဲ နေတာပါ။ရွာတွေကို ဗုံးကြဲနေလို့ ရွာတွေလည်းပျက်၊ အိမ်တွေလည်း မီးလောင်၊ စစ်ဘေးရှောင်တွေ လည်း များနေတယ်။အခုအချိန်ထိပဲ။တိုက်ပွဲတွေလည်း ဆက်နေတုန်းပဲ”ဟု သထုံခရိုင်အခြေစိုက် PDFရဲဘော်တစ်ဦးက MPAသို့ပြောသည်။

စစ်တပ်သည် ဝင်းတာပန်နှင့် ကျောက်ဖျာကျေးရွာများကို နေ့စဥ်နှင့်အမျှ လေကြောင်းတိုက်ခိုက် မှုအပြင် လက်နက်ကြီး၊ ဒရုန်းနှင့် စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ဧပြီ ၂၆ရက်တွင် တော်လှန်ရေးတပ်များ ပစ်ခတ်မှုကြောင့် ဝင်းတာပန်ကျေးရွာအတွင်း ဗုံးကြဲနေသော စစ်တပ်၏ စက်တပ်လေထီးတစ်စင်း ပျက်ကျခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ဆိုသည်။

၂၀၂၆ ခုနှစ်ဧပြီလအတွင်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ စစ်တပ်၏ လက်ယက်စခန်း နှင့် လေးကေ စခန်းတို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စခန်းသိမ်းတိုက်ပွဲများပြီးဆုံးပြီးနောက် နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးနှင့် စစ်ဘေးရှောင် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆက်လက်လုပ်ဆောင်လျက်ရှိရာ စစ်တပ်နှင့် နေ့စဥ် တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း အထူး တိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF၊ ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ဒေသအခြေပြုကာ ကွယ်ရေးတပ်ဖွဲ့ (LDFs) များနှင့်ပူးပေါင်းကာ အထက်ပါစခန်း၂ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ် သည်။