လက်နက်ကိုင်တော်လှန်ရေး ဗားရှင်း 2(Version 2) စတင်ပြီဟု NUGကာကွယ်ရေးဝန်ကြီးဌာန၊ PDFစစ်ရုံးချုပ်၊ ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က ပြောကြားလိုက်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်နေ့ ဖြစ်သော မေလ၅ရက်တွင် ဒေါက်တာစိုးသူရဇော်က ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် အထက်ပါ အတိုင်း ရေးသားခဲ့ခြင်းဖြစ်သည်။
“ပမာတင်စားရရင် ပြီးခဲ့တဲ့ ၅နှစ်တာကာလ လက်နက်ကိုင်တော်လှန်ရေးသည် Version 1 ဖြစ်တယ် ။Version 1 မှာ မိမိတို့ဘက်က တပ်တွေများခဲ့တယ် ။ လူတွေ များခဲ့တယ်။ မိမိတို့ဘက်က အရေအ တွက်အင်အားနဲ့တင် ရန်သူကို မြေကြောရှုံ့နိုင်တာတွေတောင် ရှိခဲ့တယ်။ ပြောက်ကျားစစ်နဲ့ ရန်သူကို အမှည့်ခြွေ ခြွေပြီး ရန်သူ အင်အားချို့တဲ့လာတဲ့ အဆင့်အရောက်မှာ မဟာဗျူဟာမြောက်ထိုးစစ်တွေ လုပ်ပြီး ရန်သူကို ထိုးနှက်နိုင်ခဲ့တယ်။ ဒါကြောင့်လည်း ရန်သူက နည်းပါးနေတဲ့ အရေအတွက်အင် အားကို များပြားလာအောင် ကြိုးစားခဲ့ခြင်းဖြစ်ပါတယ် ။ အခု Version 2 မှာတော့ လွန်ခဲ့တဲ့၅နှစ် လောက် မိမိတို့ဘက်က အရေအတွက်ထုထည် မရှိတော့ပေမဲ့ အရည်အချင်းထု ကျန်နေသေးတယ်။ အရည်အချင်းထု ကျန်နေလို့လည်း များပြားလာတဲ့ ရန်သူ့အင်အားကို မဟာဗျူဟာမြောက် ခြွေစစ် ပြန်ဆင်နွှဲနိုင်တာဖြစ်တယ်။ Version 2 မှာ ရန်သူရဲ့ အရေအတွက်ထုကို ပါးလာအောင် မိမိတို့ လုပ်ရမယ်။ မိမိတို့ အင်အားကို ထိန်းသိမ်းရမယ်။ မိမိအင်အားကို ထိန်းသိမ်းရင်းနဲ့ အရည်အချင်းကို တက်သထက်တက်အောင် လုပ်ရမယ်။ တပ်ကို မာသထက် မာအောင် လုပ်ရမယ်”ဟု ၎င်းက ပြော သည်။
ပြီးခဲ့သည့် ၅နှစ်အတွင်း တွေ့ကြုံခဲ့ရသည့် အားနည်းချက်များကို ယခု ဗားရှင်း2 မှာ ပြန်ပါမလာ အောင် (သို့) အားသာချက်အဖြစ် ပြောင်းလဲနိုင်လျှင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မာသထက် မာလာလိမ့်မည်ဟုလည်း ဆိုသည်။
“အရေးကြီးဆုံးအချက်ကတော့ စစ်တိုက်နိုင်တဲ့ ယန္တရားကို ကျွန်တော်တို့ တည်ဆောက်နိုင် ပြီဖြစ်တယ်။ စစ်ပွဲတစ်ပွဲကို လက်တွေ့တိုက်ခိုက်ခြင်းထက် အဆိုပါစစ်ပွဲကို လက်တွေ့တိုက်ခိုက် နိုင်အောင် ပြင်ဆင်ဖန်တီးရတဲ့ယန္တရားကို တည်ဆောက်ရတာက ပိုပြီး ခက်ခဲပါတယ်။ စစ်တိုက် ခြင်းထက် စစ်တိုက်နိုင်တဲ့ ယန္တရားကို ထူထောင်ရတာ ပိုပြီး လက်ဝင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ၅ နှစ်တာအတွင်း အောင်မြင်မှုများ ရှိခဲ့သလို အရေးနိမ့်မှုများလည်း ရှိခဲ့ကြောင်း ရန်သူကိုယ်တိုင်သည်ပင်လျှင် နယ်မြေများ လက်လွှတ်ဆုံးရှုံးရသည့် အခြေအနေမှ ပြန်လည် တွန်းကန်လှုပ်ရှားနေရကြောင်း ရန်သူ၏ တွန်းကန်လှုပ်ရှားမှုကြောင့် တော်လှန်ရေးအင်အားစု နယ်မြေအချို့ လက်လွှတ်ဆုံးရှုံးရသည်မှာလည်း ပကတိတရားဖြစ်ကြောင်း ဒေါက်တာစိုးသူရဇော်က ဆိုသည်။
“သို့သော် နယ်မြေတွေ သိမ်းပိုက်ရရှိပြီးမှ အမှည့်ခြွေ ခြွေခံရပြီး ရန်သူဘက်က အထိအခိုက်အကျ အဆုံး ပြန်များနေတာလည်း ပကတိတရားဖြစ်တယ်။ဒီအချက်ကိုတော့ ပြည်သူတွေ ကျယ်ကျယ် ပြန့်ပြန့် မသိပေမဲ့ ကျွန်တော်တို့ PDF တွေနဲ့ ရန်သူကိုယ်တိုင် ကောင်းကောင်းသိတဲ့ အချက်ဖြစ် တယ်”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၅နှစ်အတွင်း ရရှိခဲ့သည့် အောင်မြင်မှု ၊ ကျရှုံးမှုများသည် ထာဝရ အောင်မြင်မှု မဟုတ်သလို ၊ ထာဝရ ကျရှုံးမှု မဟုတ်ကြောင်းလည်း ဆိုသည်။
