အမေရိကန်စစ်တပ်သည် မေလ ၅ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း ၎င်း၏ Typhon တာလတ်ပစ်ဒုံးကျည်စနစ်မှ တိုမာဟော့ခ် (Tomahawk) ဒုံးကျည်တစ်စင်းကို ပစ်ခတ်ခဲ့သည်။
တရုတ်နိုင်ငံ၏ ကန့်ကွက်မှုကို ခံခဲ့ရသည့် အဆိုပါလက်နက်စနစ် ဖိလစ်ပိုင်သို့ ရောက်ရှိလာပြီးနောက် နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ပစ်ခတ်ခြင်းဖြစ်သည်။
Lockheed Martin ကုမ္ပဏီထုတ် Typhon စနစ်ကို Salaknib ဟုခေါ်သော စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဝါရှင်တန်ပြည်နယ်ရှိ Joint Base Lewis-McChord မှ ဖိလစ်ပိုင်နိုင်ငံ လူးဇုန်ကျွန်းသို့ ကီလိုမီတာ ၁၂,၈၇၅ ခန့် ဝေးကွာသော ခရီးစဉ်ကို ပျံသန်းသယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ယခုအခါ မဟာဗျူဟာမြောက် လက်နက်ပစ္စည်းအဖြစ် ထားရှိထားသည်။
Typhon စနစ်သည် “ကျွန်တော်တို့ရဲ့ မိတ်ဖက်နဲ့ မဟာမိတ်နိုင်ငံ အတော်များများက အလွန်တောင်းဆိုထားတဲ့ စနစ်ဖြစ်ပြီး သူတို့ရဲ့ တောင်းဆိုချက်ကြောင့်ပဲ ကျွန်တော်တို့ ဖြန့်ကြက်ထားတာ ဖြစ်ပါတယ်” ဟု အမေရိကန် ပစိဖိတ်ကြည်းတပ် တပ်မှူး ဗိုလ်ချုပ်ကြီး ရော်နယ်လ်ကလပ်ခ် က မေလ ၄ ရက်နေ့တွင် Bloomberg နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“ဒါဟာ တကယ့်ကို မဟာဗျူဟာမြောက်တဲ့ ဟန့်တားမှုစွမ်းရည်တစ်ခုပါ” ဟု ၎င်းက ဆိုသည်။
အမေရိကန်နှင့် ဖိလစ်ပိုင် စစ်တပ်များသည် နှစ်စဉ်ပြုလုပ်မြဲဖြစ်သော Balikatan စစ်ရေးလေ့ကျင့်မှုဖြင့် ရေရှည်တည်တံ့သော ဆက်ဆံရေးကို ဆက်လက် တည်ဆောက်လျက်ရှိသလို ပိုမိုကြီးမား ခက်ခဲရှုပ်ထွေးသည့် လေ့ကျင့်မှုများကိုလည်း လုပ်ဆောင်လာခဲ့သည်။
အဆိုပါစနစ်သည် ရေတပ်သုံး Standard Missile-6 နှင့် တိုမာဟော့ခ် ဒုံးကျည် နှစ်မျိုးစလုံးကို ကုန်းမြေအခြေစိုက် ဒေါင်လိုက်ပစ်လွှတ်စနစ်မှ ပစ်ခတ်နိုင်ပြီး ကီလိုမီတာ ၅၀၀ မှ ၂,၀၀၀ အကွာအဝေးရှိ ပစ်မှတ်များကို ထိမှန်နိုင်သည်။
ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံမှနေ၍ တရုတ်နိုင်ငံပိုင်နက်အတွင်းအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်သည့် စွမ်းရည်ရှိသည်။
တရုတ်နိုင်ငံကမူ Typhon စနစ် ဖြန့်ကြက်မှုကို ကန့်ကွက်ထားပြီး ယင်းသည် ဒေသတွင်း လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေသည်ဟု ဆိုကာ ဖိလစ်ပိုင်အနေဖြင့် အဆိုပါလက်နက်များကို ဖယ်ရှားရန်နှင့် “မှားယွင်းသော လုပ်ရပ်ကို အမြန်ဆုံး ပြင်ဆင်ရန်” တိုက်တွန်းထားသည်။
ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်တွင် ပိုင်နက်အငြင်းပွားမှုများရှိနေပြီး ယင်းကိစ္စသည် ရေပြင်ပေါ်တွင် ထိပ်တိုက်တွေ့ဆုံမှုများနှင့် ပြင်းထန်သော သံတမန်ရေးရာ အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။
Tactical Missile System အဆင့်မြှင့်တင်မှု အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီးနောက် ဖြစ်ပေါ်လာသည့် လစ်ဟာမှုကို ဖြည့်ဆည်းရန် အမေရိကန်စစ်တပ်က ဤအလတ်စားဒုံးကျည်စွမ်းရည်ကို ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ တာဝေးပစ်စနစ်များထက် ပိုမိုနီးကပ်သော မဟာဗျူဟာမြောက် အကွာအဝေးများတွင် ရန်သူ့သင်္ဘောများကို နစ်မြုပ်စေနိုင်သည့် စွမ်းရည်ရှိစေရန် Typhon စနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ပထမဆုံး Typhon စနစ်ကို ဖိလစ်ပိုင်သို့ ပို့ဆောင်ပြီးနောက် အမေရိကန်စစ်တပ်သည် ဩစတြေးလျရှိ Talisman Saber စစ်ရေးလေ့ကျင့်မှုသို့လည်း ထပ်မံစေလွှတ်ခဲ့ပြီး ပြီးခဲ့သည့် နွေရာသီက SM-6 ဒုံးကျည်ကို ပထမဆုံးအကြိမ် ပစ်ခတ်ခဲ့သည်။ ထို့နောက် စက်တင်ဘာလတွင် ဂျပန်နိုင်ငံသို့ အဆိုပါစနစ်ကို ပို့ဆောင်ခဲ့သည်။
