အရပ်သားအသွင်းပြောင်း စစ်အုပ်စုနှင့် ပိုမိုထိတွေ့ဆက်ဆံနိုင်ရေး အာဆီယံအဖွဲ့အတွင်း ဘုံသဘောတူညီချက်ရရှိရန် ရည်ရွယ်လျက်၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဒေသတွင်း ထိပ်တန်းသံတမန်များနှင့် တွေ့ဆုံရန် ဖိတ်ကြားဖို့ အစီအစဉ်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မေလ ၅ ရက်နေ့တွင် ပြောကြားသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က မြန်မာစစ်ခေါင်းဆောင်များကို အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။
လွန်ခဲ့သော နှစ်ပတ်ခန့်က ကိုယ်တိုင်ခန့် သမ္မတမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကေအောင်းက နိုင်ငံခြားရေးဝန်ကြီးအဆင့် အပါအဝင် မြန်မာခေါင်းဆောင်ပိုင်းနှင့် ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရန် တွန်းအားပေးနေကြောင်း ပြောကြား သည်။
“ဒါဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ဘေးထွက်မှာ နောက်ထပ်တွေ့ဆုံပွဲ တစ်ခုဖြစ်လာမှာပါ” ဟု ၎င်းက ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“သူ့အနေနဲ့ လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေနဲ့ သူတို့ ဘာတွေလုပ်ဖို့ စီစဉ်ထားသလဲဆိုတာကို ကျွန်တော်တို့ကို ရှင်းပြနိုင်ပါလိမ့်မယ်။ အဲဒီကမှတစ်ဆင့် ကျွန်တော်တို့ ရှေ့ဆက်သွားလို့ရမှာပါ။ ဒါကြောင့် ဒါဟာ အဆင့်ဆင့်သွားရမယ့် လုပ်ငန်းစဉ်ပါ” ဟု စီဟာဆက်က ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလက စီဟာဆက်က အာဆီယံအနေဖြင့် မြန်မာနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် “ခက်ခဲ” လိမ့်မည်ဟု ပြောကြားခဲ့ဖူးပြီး၊ ၁၁ နိုင်ငံပါဝင်သော အာဆီယံအဖွဲ့ဝင် အခြားနိုင်ငံများကလည်း မြန်မာစစ်အုပ်စုကို လူသိရှင်ကြား ထောက်ခံမှု ပေးထားခြင်း မရှိသေးပေ။
မြန်မာနိုင်ငံ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် ယခုအပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာမည့် အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများနှင့် မိမိ၏ အစီအစဉ်ကို ဆွေးနွေးသွားမည်ဟု စီဟာဆက်က ဆိုသည်။
“ကျွန်တော်တို့က အာဆီယံနဲ့အတူ စုပေါင်းပြီး ရှေ့ဆက်ချင်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ကို ရွေ့သင့်ပါပြီ။ တစ်ခုခုတော့ လုပ်ဆောင်သင့်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံက တစ်ဖက်သတ် ပြဌာန်းချင်နေတဲ့အရာမျိုး မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
