ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို အမြန်ဆုံး အတည်ပြုပေးရန် ဗြိတိန် တောင်းဆို

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို အမြန်ဆုံးအတည်ပြု ပေးရန် ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အဖက်ဖက်သော အခြေအနေများအပေါ် ကျွန်မတို့ စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး ထိုအခြေအနေများအတွက် အမြန်ဆုံး အတည်ပြုချက်ရရှိဖို့ စောင့်မျှော်လျက်ရှိပါတယ်”ဟု ဗြိတိန်နိုင်ငံ၊ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Seema Malhotra က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း ကြေညာချက်ကို ပထမဆုံးခြေလှမ်းတစ်ခုအဖြစ် ကြိုဆိုပြီး ယင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် ဦးတည်သည့်လမ်းကြောင်းပေါ်က ခြေလှမ်းတစ်ခု ဖြစ်ရမည်ဟုလည်း ၎င်းက ဆိုသည်။

“သိပ်မကြာသေးဘူး။ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ ဗြိတိန်သံရုံးက တောင်းဆိုထားတာရှိတယ်။အခု ဗြိတိန်က ထပ်ပြီးတောင်းဆိုလိုက်တာကတော့ ကိုထိန်လင်းနဲ့ All In One Piece Movement တို့က အမေစု သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ တောင်းဆိုနေတာရဲ့ ဆင့်ပွားဂယက်လို့ နားလည်မိပါတယ်”ဟု မဲဆောက်အခြေစိုက် ၂၀၂၀ရွေးကောက်ခံ လွှတ်တော်အ မတ်တစ်ဦးက MPAသို့ပြောသည်။

မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးရန်လည်း အင်ဒို-ပစိဖိတ် ရေးရာဝန်ကြီးက တောင်းဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူများအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဗြိတိန်သံရုံး ရန်ကုန်က ဧပြီ၂၂ရက်တွင် တောင်းဆိုခဲ့သေးသည်။