By Nway / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်တိုင်ရွာ၊ ရွှေစေတီ ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင်ကြီးတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၈ရက်၊ နံနက် ၁၀ နာရီ မိနစ်၂၀ ခန့်တွင် မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာ အရှေ့ဘက်ရှိ ရွှေစေတီ ဘုန်း ကြီးကျောင်းကို ဂျိုင်ရိုကော်ပတာ ( Gyrocopter )ခေါ် စက်တပ်လေယာဉ်ငယ် သုံးစင်းဖြင့် ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီထံက သိရသည်။
” ရွှေစေတီကျောင်းထဲ ၂လုံးကျတာပါ။ ကိုရင်ကြီးနာမည် ဦးစိုး၊ သက်တော် ၆၂နှစ်ရှိပါပြီ။ ဗိုက်ကိုထိပြီး ခဏအကြာမှာပဲ ပျံလွန်တော်မူတာပါ။ ဘုန်းကြီးကျောင်းဆောင် အမိုးက ရစရာမရှိအောင် ပျက်စီးသွားတယ် ” ဟု မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ထို့ပြင် ကျောက်တိုင်ရွာ၏ တောင်ဘက် လယ်ကွင်းထဲသို့လည်း ဗုံး ၂လုံး ကျရောက်ခဲ့ရာ ကုန်းသာ ရွာ မှ တောင်ယာလုပ်ကိုင်နေသည့် အသက် ၄၀အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” တိုက်ပွဲလည်းမရှိဘူး။ အကြောင်းမဲ့လာကြဲသွားတာပါ ” ဟု ၎င်းကဆက်လက်ပြောသည်။ မြင်းခြံမြို့နယ်နှင့် ထိစပ်နေသော တောင်သာမြို့နယ်တွင်လည်း စက်တင်ဘာ ၉ရက်မှစ၍ စစ်တပ်က စစ်ကြောင်းထိုးနေကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။
စက်တင်ဘာ ၁၃ရက်တွင် တောင်သာမြို့နယ် အရှေ့တောင်ခြမ်းရှိ သံဘိုရွာသစ်ကျေးရွာကို စစ်တပ်က စက်တပ်လေထီး ၄စင်းဖြင့် ဗုံး၁၄လုံးကြဲချတိုက်ခိုက်ခဲ့သေးသည် ။
စာတည်း-ML
