ခရမ်းတွင် အသက်မပြည့်သေးသော တူမကို မတရားကျင့်ရန်ကြံသည့် ဦးလေးအား ပြည်သူများ ဖမ်းဆီးကာ ရဲလက်အပ်

By Ko Myo / MPA

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့ပေါ်တွင် အသက်၁၄နှစ်အရွယ် မိန်းကလေးငယ်ကို မတရားပြုကျင့် ရန်ကြံစည်သော ဦးလေးဖြစ်သူအား ရပ်ကွက်ပြည်သူတို့က ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ကြောင်း သိရ သည်။

ယနေ့(စက်တင်ဘာ၁၉ရက်)နံနက် ၂နာရီခန့်တွင် ခရမ်းမြို့၊အမှတ်၈ရပ်ကွက်နေ မိန်းကလေး ငယ်တစ်ဦး အိမ်တွင်း၌ တစ်ဦးတည်းရှိနေစဉ် နံဘေး၃အိမ်ခြားမှ အဒေါ်ဖြစ်သူ၏ ယောကျာ်းက အိမ်ထဲသို့ဝင်၍ အဓမ္မပြုကျင့်ရန်ကြိုးစားရာ မိန်းကလေးငယ်က အော်ဟစ်အကူအညီ တောင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင် နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ထံက သိရသည်။

“ညကဖြစ်သွားတာပါ။ ဦးလေးအရင်းတော့မဟုတ်ပါဘူး။ မိန်းကလေးရဲ့အဒေါ်ယူထားတဲ့ ယောကျာ်း ပါ။ည ၂ နာရီလောက် မီးပိတ်ပြီး ပြုကျင့်ဖို့ကြိုးစားတာ။ မိသားစုကလည်း ခရီးသွားနေတယ်လို့သိရ တယ်။ မိန်းကလေးငယ်က ငယ်သံပါအောင် အော်လို့ ရပ်ကွက်ကလူတွေနိုးပြီးဝိုင်းဖမ်းခဲ့တာ။ ဖမ်းမိ တော့ ရပ်ကွက်ကလူတွေကပဲ တရားခံကို ရဲစခန်းကို ခြေလျင်ပဲသွားပို့ကြတယ်” ဟု အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတစ်ဦးကပြောကြောင်း ခရမ်းချန်နယ်က ဖော်ပြသည်။

အဓမ္မပြုကျင့်ရန် ကြံစည်သူမှာ ကျပန်းအလုပ်လုပ်ကိုင်သူ အသက်၃၀ခန့်အရွယ်ရှိ ငစိုး ဆိုသူဖြစ်ပြီး ၎င်း၏ အမျိုးသမီးရော မိန်း ကလေးငယ်၏ မိသားစုများကပါ ခရီးသွားနေချိန်၌ ကြံစည်ခြင်းဖြစ် ကြောင်း ခရမ်းချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“တစ်ခုချီးကျူးချင်တာက ရပ်ကွက်နေပြည်သူတွေပါ။ ကျူးလွန်သူက ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် ရပ်ကွက်အင်အားကို မကျော်နိုင်ခဲ့ပါဘူး။ ရပ်ကွက်ပြည်သူအများအပြားဝိုင်းပြီးဖမ်းဆီးကြတာပါ။ နောက်ပြီး ၈ ရပ်ကွက်ဆိုတာက ခရမ်းမြို့မြောက်ဘက်အစွန်ဘက်မှာရှိတဲ့ရပ်ကွက်ပါ။ အဲဒီကနေ မြို့ထဲရဲစခန်းထိကို ရပ်ကွက်ပြည်သူအများအပြားက တရားခံကို ခြေလျင်ပို့ဆောင်ကြတာပါ”ဟု ခရမ်းချန်နယ်မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။

အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖမ်းဆီးရာတွင်ရော ရဲစခန်းသို့ ပို့ဆောင်သည့်အခါတွင်ပါ စစ်ကော်မ ရှင်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးမျှ မပါကြောင်း ခရမ်းချန်နယ်ကဆိုသည်။

“ပြည်သူတွေ တစ်ခုခုဖြစ်ပြီဆို အုပ်ကြီး၊အုပ်လေးတွေက ခေါင်းမြီးခြုံပြီး ပုန်းနေကြတာလေ။ ပြည်သူ ကိုဒုက္ခပေးဖို့ဆို စခ တွေနောက်မှာ အမြီးလေးတနှန့်နှန့်နဲ့။ညတုန်းက အုပ်ကြီးတွေ သူတို့နဲ့မဆိုင် သလို နေတာ ကျနော်တို့လည်း ကြားတယ်”ဟု ခရမ်းမြို့မဈေးအနီးနေ ပြည်သူတစ်ဦးက ပြောသည်။

ခရမ်းမြို့နယ်သည် ရန်ကုန်တိုင်းအတွင်း စစ်အာဏာရှင်များကို အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့သည့် မြို့ ဖြစ်သည်။

စာတည်း-ML