By Wadi/ MPA(ဆောင်းပါး)
ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၁၃ ရက်နေ့က အာရက္ခတပ်တော်( အေအေ ) က စာရင်းတစ်ခု ထုတ်ပြန်ခဲ့ပါ တယ်။ အသက်၊ နာမည် နဲ့ ပညာသင်ကြားနေတဲ့အတန်း တွေ ပါဝင်နေတဲ့ ဒီထုတ်ပြန်ချက်ဟာ စာမေးပွဲ အောင်စာရင်းတစ်ခု မဟုတ်ခဲ့ပါဘူး။ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ သေဆုံးသူစာရင်း ဖြစ်နေပါတယ်။
အသက် ၁၅ နှစ်ကနေ ၁၇ နှစ်အတွင်း ရှိနေကြတဲ့ ဒီဆယ်ကျော်သက်ကလေးတွေမှာ စိတ်ကူးအိပ်မက်အချို့ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ အနာဂတ်ကို ပြုပြင်လိုတဲ့ စိတ်ခွန်အားအချို့လည်း ရှိနေပါလိမ့်မယ်။ အခက်အခဲတွေကြားထဲ ကြိုးစားရှင်သန်လိုစိတ်လည်း ပြင်းပြချင် ပြင်းပြနေကြပါလိမ့်မယ်။ ဒါပေမဲ့ ဒါတွေဟာ တခဏချင်းမှာပဲ ပျက်စီးပျောက်ဆုံးသွားခဲ့ပါပြီ။ အာဏာသိမ်းစစ်တပ်ရဲ့ ပေါင် ၅၀၀ ဗုံးက သူတို့ အသက်ခန္ဓာနဲ့ သူတို့ စိတ်ကူးအိပ်မက်တွေကို ဝါးမြိုဖျက်ဆီးလိုက်ပါပြီ။
ဒီဖြစ်ရပ်တွေက အခုမှ ရှိနေတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုကြောင့် ပုံစံမျိုးစုံနဲ့ ပြည်သူတွေ သေဆုံးနေကြရတာ လေးနှစ် ရှိလာပါပြီ။ အိမ်မှာနေရင်း၊ ကျောင်းတက်နေရင်း၊ ဈေးရောင်းဈေးဝယ်လုပ်နေရင်း ဘယ်သူမဆို စစ်ရေးပစ်မှတ်တစ်ခု ဖြစ်သွားနိုင်ပါတယ်။
ဒါကို လေကြောင်းတိုက်ခိုက်မှုတွေက သက်သေပြနေပါတယ်။ စစ်ကော်မရှင်ရဲ့ ဒီလို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေက လုပ်ရပ်နဲ့တင် ပြီးပြတ်သွားတာမျိုး မဟုတ်ပါဘူး။ သူတို့နောက်မှာ ထပ်ချပ်မကွာလိုက်လာနဲ့ ဝါဒဖြန့်မုသာဝါဒ လှိုင်းလုံးတွေလည်း ရှိနေပါသေးတယ်။
တယ်လီဂရမ် ပေါ်က အမှားများ
စစ်တပ်ထောက်ခံသူ စစ်လော်ဘီတွေ ဝါဒဖြန့်ယန္တရားအတွက် အများဆုံး လှုပ်ရှားကြတာကတော့ တယ်လီဂရမ်ပါပဲ။ တယ်လီဂရမ်က ဖေ့ဘွတ်ခ်ထက် အသုံးပြုသူတွေအပေါ် စံနှုန်းတင်းကျပ်မှု လျော့နည်းတာကြောင့် ဝါဒဖြန့်ချိမှုအတွက် အကောင်းဆုံး ပလက်ဖောင်းဖြစ်နေပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်ဖြစ်စဉ်မှာဆိုလည်း စစ်ကော်မရှင် ထောက်ခံတဲ့ စစ်လော်ဘီတွေက တယ်လီ ဂရမ်မှာ ပုံစံမျိုးစုံနဲ့ သတင်းကို ပုံစံပြောင်း ဖုံးကွယ်လာကြပါတယ်။ စာသင်ကျောင်းကို ဗုံးမကြဲဘူးဆိုတဲ့ ဘူးတစ်လုံးဆောင်ပြီး ဗြောင်ငြင်းဆိုလာကြပါတယ်။ ဒေသခံတွေရဲ့သတင်းပေးပို့မှုအရ “ အာရက္ခတပ်တော် (အေအေ ) စစ်သင်တန်းပေးတဲ့နေရာကို ဗုံးကြဲရှင်းလင်းခဲ့တာ”ဆိုပြီး ဝါဒဖြန့်ချိခဲ့ကြပါတယ်။
၂၀၂၅ စက်တင်ဘာ ၁၂ ရက် မနက်ဦးပိုင်း ၁ နာရီ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးကြဲမှုဟာ အဲဒီ မနက် ၁၀ နာရီ မှာတော့ သူတို့ရဲ့စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ မုသာဝါဒအပြည့်နဲ့ သတင်းမှားတွေ ဝေဆာနေ ပါပြီ။
“တပ်မတော်မိသားစု ၉၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ကျောက်တော်က အကြမ်းဖက် AA မူးယစ်ဂိုဏ်းစခန်းကို တပ်မတော်က ချေမှုန်းရှင်းလင်း” ( မူရင်းရေးသားချက်အတိုင်း ) ဆိုပြီး အမုန်းစကား ပါတဲ့ သတင်းအမှားတစ်ပုဒ်ကို ဖြန့်ချိလာကြပါတယ်။ “မှိုင်းဝေ” ချန်နယ်က ဦးဆောင်လိုက်တဲ့ သတင်း အမှားဟာ “Ka Ka Han ၊ ဟန်ငြိမ်းဦး” အပါအဝင် စစ်လောဘီအုပ်စုမှာ ပျံ့နှံ့သွားခဲ့တယ်။
ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေက ကျောက်တော်မြို့ရှိ ဗုံးကြဲခံရမှု သတင်းဖြစ်တွေ ဖော်ပြလာပြီး နောက် မနက် ၁၁ နာရီ ၃၆ မိနစ်မှာ “တိုက်ပွဲသတင်းဆုံ” ဆိုတဲ့ ချန်နယ်က နောက်ထပ် သတင်းအမှားပုံစံ တစ်ခု ထပ် ဖြန့်နေပါတယ်။
မီဒီယာတွေဟာ စာသင်ကျောင်းကို ဗုံးကြဲခဲ့တယ်ဆိုပြီး ဝါဒဖြန့်ချိနေကြတယ် ဆိုတဲ့ တန်ပြန်စွပ်စွဲမှု ပုံစံနဲ့ပါ။ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေ က သတင်းဖော်ပြလာကြတိုင်း စစ်လော်ဘီတွေက ဒီပုံစံမျိုးနဲ့ ပြန်လည်တုံ့ပြန်တတ်ကြပါတယ်။
ကျောင်းသားလေးတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး Unicef က ဝမ်းနည်းကြောင်း စာထုတ်ပြန်လာတယ်။ သတင်းမီဒီယာတွေက စာသင်ကျောင်း ဗုံးကြဲခံရလို့ ကျောင်းသားတွေ သေဆုံးခဲ့တဲ့ သတင်းဖြစ်စဉ်အား ဒေသခံတွေကို မေးမြန်းပြီး တင်ဆက်လာပါတယ်။ အာရက္ခတပ်တော် ( အေအေ ) ဘက်ကလည်း ထုတ်ပြန် ချက်တွေ ထွက်ရှိလာပါတယ်။ ဒီအချိန်မှာ နောက်ထပ် သတင်းမှားတစ်ပုဒ် ထပ်မံ ထွက်ရှိလာပါတယ်။
အဲ့ဒါကတော့ အေအေက ထုတ်ပြန်လိုက်တဲ့ ကျောင်းသားစာရင်းတွေဟာ ကျောင်းသားတွေ မဟုတ်ကြဘူး ဆိုတာပါပဲ။ အာရက္ခတပ်တော် ဘက်က စစ်သားအင်အားလိုအပ်လို့ အတင်းအဓမ္မစစ်သားစုဆောင်းထားတဲ့ စစ်သင်တန်းသားတွေ ဖြစ်တယ်လို့ ဆိုတာပါပဲ။ ဒါကို အေအေ ကိုယ်တိုင် ဝန်ခံလိုက်ခြင်းပဲဆိုပြီး စွပ်စွဲ ဝါဒဖြန့်ကြတယ်။
ရခိုင်မှာ ဘယ်စာကျောင်းမှ စာမသင်နိုင်သေးဘူးလို့ ပြောင်ငြင်းဆိုပါတယ်။ ဒီသတင်း အမှားကို စစ်တပ်အမာခံ လော်ဘီ “ဟန်ငြိမ်းဦး” ချန်နယ်က စတင်ဖြန့်ဝေခဲ့ဖြစ်ပါတယ်။ “Thazin Oo, Ko Thet” တို့လို စစ်လော်ဘီ ချန်နယ်တွေကလည်း တပြိုင်နက်တည်း ဖြန့်ဝေပေးခဲ့ကြတယ်။
ဒီလိုသတင်းအမှားတွေဟာ အခုလို ကျောက်တော်ဖြစ်ရပ်မှ မဟုတ်ပါဘူး။ စစ်တပ်ဘက်က ပြုလုပ်ခဲ့တဲ့ ဘယ် စစ်ရာဇဝတ်မှုမျိုးတိုင်းမဆို ဖုံးကွယ်မှု အပြည့်ရှိနေတာပါ။ လေကြောင်းတိုက်ခိုက်မှုတွေအတွက် သတင်းအမှားတွေ ပြုလုပ်သလို စစ်ကြောင်းထိုး ရွာမီးရှို့မှုတွေအတွက်လည်း သတင်းမှားတွေက ရှိနေပါ တယ်။
ရွာမီးရှို့မှု တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ကျုးလွန်သလိုမျိုး ပုံဖော်ခဲ့ကြတယ်။ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကိုလည်း တိုင်းရင်းသားနဲ့ ဗမာလူမျိုးစုအကြား အမုန်းပွားမှုဖြစ်အောင် လှုံ့ဆော် ဝါဒဖြန့်မှုတွေ လုပ်ကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား သွေးကွဲအောင်လည်း လှုံ့ဆော်လေ့ ရှိပါတယ်။
တယ်လီဂရမ်ချန်နယ်တွေက စစ်လော်ဘီတွေရဲ့ ဝါဒဖြန့်ချိမှု သတင်းအမှားတွေဟာ ပြည်တွင်းကိုပဲ အခြေပြုတာမျိုး မဟုတ်ပါဘူး။ မြန်မာအများစု ရွှေ့ပြောင်းနေထိုင်တဲ့ ထိုင်းနိုင်ငံဘက်အထိပါ ပါဝင်ပါ တယ်။ ထိုင်းမှာ မြန်မာပါဝင်တဲ့ အမှုကိစ္စဖြစ်လာခဲ့ရင် တယ်လီဂရမ်မှာ သတင်းအမှားကို ချိန်သားကိုက် လုပ်ကြံဖန်တီးတတ်ကြတယ်။
ထိုင်းမှာ အမှုအခင်းထဲ ပါဝင်သူတွေကို မြန်မာ့တော်လှန်ရေး ထောက်ပို့များအဖြစ် တံဆိပ်ကပ်လိုက်ကြ တယ်။ ဥပမာ ရွှေဆိုင် ဓားပြတိုက်မှုလို အမှုအခင်းမျိုး၊ မူးယစ်ရမ်းကားတဲ့ အမှုမျိုးတွေဆို ကျူးလွန်သူကို PDF အဖြစ် ၊ ဒါမှမဟုတ် CDM တစ်ဦးအဖြစ် ပုံဖော်လေ့ ရှိပါတယ်။
ဒါတွေကို ကြည့်ရင် ဖြစ်ရပ်မှန်သတင်းတွေကို ဖုံးကွယ်ဖို့ နဲ့ ပုံဖျက်ဖို့ အတွက် စစ်တပ်လော်ဘီတွေက သတင်းအမှားတွေကို ချိန်သားကိုက် ဖြန့်ဝေဖို့ အမြဲအဆင်သင့်ရှိနေတယ်ဆိုတဲ့ သဘောပါပဲ။
ခြေဆန့်လာတဲ့ ဝါဒဖြန့်မှုများ
စစ်လော်ဘီတွေရဲ့ သတင်းမှား ဖြန့်ချိမှုတွေက facebook ၊ tiktok ၊ youtube လို လူမှုကွန်ယက် ပလက်ဖောင်းတွေမှာလည်း ရှိနေပါတယ်။ တယ်လီဂရမ်မှာ ရှိနေတဲ့ စစ်လော်ဘီတွေဟာ အခြား သော လူမှုကွန်ယက် ပလက်ဖောင်းတွေမှာလည်း အကောင့်တွေ ကိုယ်စီရှိနေပါတယ်။
ကိုယ်ပိုင်အကောင့်တွေကနေ သတင်းအမှား တွေကို ပုံဖျက်ပြီးတင်တာမျိုး၊ လိမ်လည်ဝါဒဖြန့်တာမျိုးတွေ လုပ်သလို၊ အကောင့်တုတွေနဲ့ မှတ်ချက်ပေးတာမျိုးတွေလည်း လုပ်ကြပါတယ်။ မြန်မာအများစု အသုံးပြု တဲ့ ဖေ့စ်ဘွတ် လူမှုကွန်ယက်မှာဆိုရင် အကောင့်တုတွေနဲ့ မှတ်ချက်ပြု ရေးသားတာတွေကို ပိုပြီး တွေ့ရများ ပါတယ်။ ဖေ့စ်ဘွတ်မှာဆိုရင် ကိုယ်တိုင် သတင်းတု၊ သတင်းမှား ဖြန့်ဝေတာထက် ကွန့်မန့်နဲ့ မှတ်ချက်ရေး ဝါဒဖြန့်ချိမှုက ပိုများပါတယ်။ အထူးသဖြင့် သတင်းမီဒီယာစာမျက်နှာ အောက်တွေမှာနဲ့ လူမှုကွန်ယက် အုပ်စုတွေမှာ ကွန့်မန့်လှုပ်ရှားမှုတွေ လုပ်လာကြတယ်။
စစ်လော်ဘီတွေဟာ စစ်ကော်မရှင် လက်အောက်ခံ စစ်တပ်က ပြုလုပ်နေတဲ့ ကျူးလွန်မှုမှန်သမျှကို လိုက်လံဖာထေးဖို့ ၊ သတင်းမှန်တွေကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ချိဖို့အတွက် အချိန်ပြည့် အားထုတ်နေတယ်ဆိုတဲ့ သဘောပါပဲ။
ဒီလို ဝါဒဖြန့်ချိမှုတွေ၊ သတင်းတု ၊ သတင်းမှား၊ သတင်းလိမ် ဖန်တီးတာတွေဟာ စစ်တပ်ထောက်ခံသူ လော်ဘီတွေကပဲ တစိုက်မတ်မတ် ပြုလုပ်နေတာ မဟုတ်ပါဘူး။ ဩဂုတ်လက Myanmar Now မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ် အရ အာဏာသိမ်းဗိုလ်ချုပ်တွေဟာလည်း ဝါဒဖြန့် စစ်ဆင်ရေးကို စနစ် တကျ ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။ ဒါတွေကို လုပ်ကိုင်ဖို့အတွက် ဝန်ထမ်းတွေ ခေါ်ယူနေသလို စစ်တပ်မိသားစုဝင်တွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ နေ့စားခေါ်ယူပြီး လုပ်ကိုင် ခိုင်းတယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဆောင်းပါးမှာ ဖော်ပြထားတဲ့ ဝန်ထမ်းခန့်ထားရေး စာရွက်မှာ ဆိုလည်း “ သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းများဖြင့် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန်”၊ “အင်တာနက်ပေါ်တွင် လုပ်ကိုင်နေသည့် သတင်းမီဒီယာများ၏ သတင်းများကို တုံ့ပြန်ရန်နှင့် သုံးသပ်တင်ပြရန်” ဆိုတဲ့ အလုပ် တာဝန် ကို တွေ့ရပါတယ်။
ဒီလှုပ်ရှားမှုတွေကို ဦးဆောင်နေတာကတော့ ၂၀၂၂ ကမှ အသစ်ဖွဲ့စည်းလိုက်တဲ့ “မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန” လို့ သိရပါတယ်။
“ဤ” ကို “ကျွဲ” ဖတ်ကြခြင်း
သိပ်မကြာခင်ပဲ စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲ လာပါတော့မယ်။ နိုင်ငံတကာ စာမျက်နှာမှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ ကြိုးစားနေတဲ့ စစ်ကော်မရှင်အနေနဲ့ ဝါဒဖြန့်ချိမှုတွေနဲ့ အပုပ်ချမယ့် သတင်းအမှားတွေကို ပိုပြီး ပြုလုပ်လာဖို့ ရှိနေပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ပတ်သက်ပြီး သတင်းတု၊ သတင်းမှားတွေ၊ ပုံဖျက်ခြင်းတွေကို ပိုပြီး မြင်လာရဖို့ ရှိပါတယ်။ နိုင်ငံတကာ အသုံးများတဲ့ X လို လူမှုကွန် ယက်မှာ အင်္ဂလိပ်လို ရေးသားထားတဲ့ ဝါဒဖြန့်ချိမှုတွေ၊ သတင်းတု၊ သတင်းမှားတွေ ရောက်နေပါပြီ။
ဒီလို တွေ လှုပ်ရှားနေတဲ့ သူတို့လုပ်ရပ်ဟာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးကွယ်နေတာပါဆိုပြီး အလွယ်သတ်မှတ်လိုက်လို့ မရတော့ပါဘူး။ ပေါ့ပေါ့ဆဆ နေလို့ မရတော့ပါဘူး။ အန္တရာယ်များလွန်းတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေမှာ စစ်တပ်ထောက်ခံသူ လော်ဘီတွေ ဆင်ထားတဲ့ ထောင်ချောက်တွေကို အရင်ကထက် ပိုပြီး သတိပြုရပါတော့မယ်။
လူညီရင် “ဤ” ကို “ကျွဲ” ဖတ်လို့ ရတယ်ဆိုတဲ့ မြန်မာဆိုရိုးစကား ရှိပါတယ်။ အမှန်တရားဘက်က ကြည့်တဲ့ အခါ ဒီစကားရပ်က တော်တော်လေး အန္တရာယ်ကြီးတာကို တွေ့ရပါတယ်။
စစ်ကော်မရှင်နဲ့ စစ်တပ်ထောက်ခံသူ လော်ဘီတွေ ပြုလုပ်နေကြတာ ဒီနည်းလမ်းပါပဲ။ မီဒီယာလွတ်လပ်ခွင့် အောက်ဆုံးအဆင့်ရောက်နေတဲ့ နိုင်ငံအခြေအနေမှာ အာဏာရှင်နဲ့ အာဏာရှင် လက်ပါးစေတွေ တင်ဆက်လာတဲ့ ပုံဖျက်သတင်းအမှားတွေဟာ “ဤ” ကို အတင်း “ကျွဲ” လုပ်နေခြင်းပါပဲ။
စာတည်း-ကိုဆန်း
