ကောလာဟလသတင်းများကြောင့် ဒီးမော့ဆိုနေ ပြည်သူများ အကျိုးစီးပွါး ထိခိုက်လာဟုဆို

ဓာတ်ပုံ - MPA ပုံစာ - ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၊လေးမိုင်ရပ်ကွက်အား စက်တင်ဘာလ၊ဒုတိယအပတ်တွင်းကတွေ့ရစဉ်။

By Bala / MPA

ကရင်နီပြည်နယ်၊ဒီးမော့ဆို မြို့နယ်အနောက်ခြမ်းတွင် ကောလာဟလသတင်းများကြောင့် ဒီးမော့ဆိုနေ ပြည်သူများ အကျိုးစီးပွါး ထိခိုက်လာရကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၁ရက်နေ့ကစပြီး ၊လွိုင်ကော်- ဒီးမော့ဆို – ဖရူဆို လမ်းမကြီးပေါ်တွင် စစ်ကော်မရှင်စစ်ကြောင်းနှင့် ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်ရေးနှင့် ပတ်သက်သည့် ကောလာဟလ သတင်းအမှားများစွာ ထွက်ပေါ်လာခဲ့ကြောင်း ဒီးမော့ဆိုအနောက်ခြမ်း၊လေးမိုင်စျေးအတွင်း အသားစိမ်းရောင်းချနေသူတစ်ဦးက ပြောသည်။

“လေးမိုင်ထဲကို စစ်ကြောင်းဝင်မယ်ဆိုပြီး သတင်းထွက်နေတာ ဒီနေ့နဲ့ဆို နှစ်ပတ်ကျော်ပြီ။ ပြီးတော့ ကွိုင်ငံဘက်က လာတဲ့ စစ်ကြောင်းတစ်ကြောင်းပျောက်နေတယ်ဆိုတဲ့သတင်းတွေကြောင့် စျေးဝယ်သူတော်တော်ပါးသွားတယ်။ အရင်ကဆို မနက်ရောင်းနေ့လယ်ကုန်ပြီ။အခုကြ စျေးဝယ်သူတော်တော်နည်းသွားတော့ ဝင်ငွေတော်တော်ထိခိုက်တာပေါ့”ဟု ၎င်းကပြောသည်။

MPA၏ ယနေ့မြေပြင်စုံစမ်းမှုများအရ ဒီးမော့ဆိုမြို့နယ်၊ လေးမိုင်စျေးတန်းတွင် စျေးဆိုင်ခန်းပေါင်း ၄၀ကျော်ရှိရာမှ ၁၉ဆိုင်သာ ဖွင့်လှစ်ခဲ့ပြီး ကျန်ဆိုင်များမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပြီးဖြစ်ကြောင်းသိရသည်။

ဒီးမော့ဆိုမြို့နေပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ကြိုတင်ရှောင်ရှားခြင်းသည် ပြည်သူ့လုံခြုံရေးအရ ကောင်းမွန်သည့် လုပ်ရပ်ဖြစ်ကြောင်းနှင့် ကောလာဟလသတင်းမှားများကို ချင့်ချိန်စဉ်းစားသင့်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိကပြောချင်တာ ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးမှာ တိုက်ပွဲဖြစ်နေတယ်။ တွေအနေနဲ့ တိုက်ပွဲအပေါ်စိုးရိမ်ချက်ရှိတာ ကောင်းတယ်၊ မြေပြင်မှာ စစ်ရေးနဲ့ပတ်သက်ပြီး လိုအပ်လာရင် ဆောင်ရန် ရှောင်ရန်တွေကို အသိပေးပြောဆိုမယ်၊သေချာပေါက် လူထုတွေကိုကြိုတင်အသိပေးမှာပါ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်း၊ ဒေါငံခါးရပ်ကွက်မှ လောစီရပ်ကွက်အထိ ပြည်သူများစစ်ဘေးရှောင်နေကြပြီး လေးမိုင်ရပ်၊ မြေနီကုန်းရပ်ကွက်များတွင်လည်း နေအိမ်အချို့ အိမ်တိုင်ပါဖြုတ်ကာ တိမ်းရှောင်လျက်ရှိကြောင်း လေးမိုင်မှ ပဆေးလာသို့ စစ်ဘေးရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“လေးမိုင်မှာက လက်နက်ကြီးရော၊ လေယာဉ်ရော ခဏခဏလာနေတော့ နေရာရွှေ့ဖို့ စီစဉ်ရတာပါ။ စစ်ဘေးရှောင်တာက ကုန်ကျစရိတ်မနည်းဘူးလေ၊ ဒါပေမဲ့ ကလေးတွေလဲရှိတော့ တခုခုဆို ဘာမှမဖြစ်အောင်ရွှေ့ကြတာပါ။သတင်းတွေကြားနေရတာလဲ အမျိုးမျိုးဆိုတော့ စိတ်ချရတာပေါ့။ စစ်ရှောင်တာက ရွှေ့ပြောင်းတာနဲ့တင် လေးသိန်း၊ ငါးသိန်းလောက်က အသာလေးပဲ၊အိမ်ပြန်ဆောက်ရတာတို့၊ ပစ္စည်းရွှေ့ရင်း ပျက်စီးသွားတာတို့ မပါသေးဘူး”ဟု ၎င်း ကပြောသည်။

လက်ရှိ ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွါးနေသေးသဖြင့် စစ်မရှောင်သေးသည့် ဒေသခံအချို့ပါ နေအိမ်ဖြုတ်သိမ်းမှုများပြုလုပ်လာကြောင်းနှင့် မရွှေ့ပြောင်းသည့် ပြည်သူများလည်း ရှိနေကြောင်း MPAက သိရသည်။

စာတည်း-ကိုဆန်း