အရှေ့ဒဂုံ အုပ်ကြီးရုံး ပြောက်ကျားဗုံး မှန်၊ ၂ဦးထက်မနည်း ထိခိုက်မှုရှိဟုဆို

By Ko Myo / MPA

ရန်ကုန်မြို့၊အရှေ့ဒဂုံမြို့နယ်၊၁၂၄ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားတို့ က လက်ပစ်ဗုံးများ ပစ်သွင်းခဲ့ရာ ၂ဦးထက်မနည်း ထိခိုက်မှုရှိကြောင်း သိရသည်။

ယနေ့(စက်တင်ဘာ၁၉ရက်)နံနက် ၂နာရီ၁၉မိနစ်ခန့်တွင် အရှေ့ဒဂုံမြို့နယ်၊ဟံသာဝတီလမ်းနှင့် ပိတောက်မြိုင်လမ်းဆုံအနီးရှိ ၁၂၄ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးများ ပစ်သွင်းခဲ့ကြောင်း Yangon UG People Army-YUPA က သတင်းထုတ်ပြန်သည်။

“report တက်လို့ သိရတာက ပေါက်ကွဲတာ ၂ကြိမ်။ရုံးစောင့် ၂ကောင်ထိတယ်။မြေပြင်မှာ ထပ်ကြား တာက ၃ကောင်ထိတယ်၊တစ်ကောင် ဒဏ်ရာပြင်းတယ်တဲ့။အုပ်ကြီးရုံးစောင့်ဆိုတာက အုပ်ကြီးက တောက်တိုမယ်ရ ခိုင်းနေတဲ့ ပျူစောထီးလိုလို ဘာလိုလိုကောင်တွေ။ပေါက်ကွဲပြီးတော့ အစအန ရှာ မတွေ့အောင် ပျောက်သွားတာဆိုတော့ စစ်တပ်က အနားဝန်းကျင် ပတ်ရှာတယ်။မမိဘူး”ဟု ရန်ကုန် မြို့ ရဲသတင်းရင်းမြစ်က MPAသို့ပြောသည်။

ယင်းတိုက်ခိုက်မှုကို YUPA နှင့် Operation Flame တို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဝင်ရဲ ဘော်များ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း YUPA က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များနှင့် စစ်တပ်လှုပ်ရှားမှုများကို အဓိက ဖော်ပြနေသည့် Rangoon Scout Network ကလည်း ဗုံးပေါက်ကွဲပြီးနောက် အခင်းဖြစ်ရာနေရာသို့ စစ်ကား၊ရဲကား နှင့် အရေးပေါ်ကားများ မောင်းသွားခဲ့ကြောင်းနှင့် ၁၂၄ရပ်ကွက်နှင့် နီးစပ်ရပ်ကွက်များထဲသို့ ကားနှင့် ဆိုင်ကယ်တို့ဖြင့် ပတ်နေကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ယနေ့နံနက် ၉နာရီခန့်တွင် ၁၂၄ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတစ်ဝိုက်၌ စစ်သားများက လမ်းပိတ်ကာ ဖြတ်သွားဖြတ်လာပြည်သူများကို စစ်ဆေးခဲ့ကြောင်းလည်း Rangoon Scout Network ကဆိုသည်။

စာတည်း-ML