စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးခဲ့သည့် ပြည်သူများကို PDF များ ဟု သတင်းအမှားဖြန့်

By Wadi/ MPA

စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကြောင့် PDF အများအပြား သေဆုံးဟုဆိုသည့် အကြောင်းအရာ စစ် ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“Truth Media” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်းတွင် မုံရွာမြို့ နဂါးတွင်းရွာရှိ PDF အုပ်စုလိုက် ရှိနေသည့် နေရာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ PDF ၁၅ ဦး ထိမှန် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း၊ ခိုးဆိုးလုယက်နေသည့် PDF များကို ပြည်သူများက အမြန် ဆုံး ရှင်းလင်းပေးရန် တောင်းဆိုနေကြကြောင်း ဓာတ်ပုံတစ်ပုံနှင့်တကွ ဖြန့်ဝေထားသည်။

အဆိုပါ အကြောင်းအရာကို စက်တင်ဘာ ၁၉ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၈၀၀၀ ကျော်၊ Reaction ပေးသူ ၁၀၀ ကျော် ရှိခဲ့ပြီး “နေပြည်တော်” နှင့် “နောင်ရိုးဟစ်တိုင်” တယ်လီဂရမ် ချန်နယ်များက ကူးယူခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/lalg1
နေပြည်တော် – https://archive.ph/fEi9c
နောင်ရိုးဟစ်တိုင် – https://archive.ph/JshBk

တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “Khit Thit Media” က ဖော်ပြထားသည့် ဓာတ်ပုံနှင့်ထပ်တူညီနေသည်။

“Khit Thit Media” တွင် စက်တင်ဘာ ၁၇ ရက်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူဂိတ် စစ်တပ်အထိုင် စခန်းကနေ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုံရွာမြို့နယ် နဂါးတွင်းကျေးရွာရှိ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/ZOnK

ထပ်မံ၍ Google တွင် “ မုံရွာ လက်နက်ကြီးပစ်ခတ်မှု” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “People’s Spring, DVB” တို့က သတင်းရေးထားသည်။

“People’s Spring” တွင် စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ လက်နက်ကြီးကို စက်တင် ဘာ ၁၇ ရက် ညနေ ၅ နာရီခွဲတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခြင်းဖြစ် ကြောင်း၊ စက်တင်ဘာ ၁၅ ရက်နေ့တုန်းကလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုံရွာမြို့နယ်၊ ညောင်ပင်ဇောက်ကျေးရွာတွင် ပြည်သူတစ်ဦး ဒဏ်ရာရပြီး ဒိုင်နာကားတစ်စီး ပျက်စီးခဲ့ ကြောင်း ဒေသခံအသံများနှင့်တကွ ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/46Orc

“DVB” တွင် စက်တင်ဘာ ၁၇ ရက် ညနေ ၅ နာရီခွဲက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ ပစ်ခတ်မှုကို မုံရွာမြို့တောင် အထွက် မအူစစ်ဆေးရေးဂိတ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/NewYc

သုံးသပ်ချက်

သတင်းမီဒီယာများတွင် မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး ပြည်သူများ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားသည်။

သေဆုံးခဲ့သူနှင့် ထိခိုက်ဒဏ်ရာရသူများမှာ အရပ်သားတစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “မုံရွမြို့၊ နဂါးတွင်းကျေးရွာ တွင် PDF များ လက်နက်ကြီးထိမှန်သေဆုံး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza