ဖလမ်းတွင် စစ်အုပ်စု အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် Non CDM ဝန်ထမ်း ၁၀၀ ကျော် ရောက်ရှိ

ဓာတ်ပုံ - စစ်တပ် ဝါဒဖြန့် ချန်နယ်
ပုံစာ - ဖလမ်းမြို့အတွင်း Non CDM ဝန်ထမ်းများ ရောက်ရှိနေစဉ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အုပ်စု အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်ရန်အတွက် Non CDM ဝန်ထမ်း ၁၀၀ ကျော် ရောက်ရှိလာကြောင်း သိရသည်။

မေလ ၆ရက်၊ နံနက် ၇ နာရီခန့်မှစ၍ ဖလမ်းမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ဖော်ဆောင် ရန်အတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတစ်ဆင့် Non CDM ဝန်ထမ်း ၁၀၀ ကျော်ကို ကား အစီး ၂၀ ကျော်၊ မော်တော်ဆိုင်ကယ် အစီး ၁၅၀ ခန့်ဖြင့် ပို့ဆောင်ခဲ့ကြောင်း ဖလမ်းမြို့နယ်ရှိ စစ်ရေးသတင်း ရင်းမြစ်ထံက သိရသည်။

” မနေ့ညနေကပဲ သူတို့ရောက်လာတယ်။ ရောက်ရောက်ချင်း မြို့တော်ခန်းမမှာ ကြိုဆိုပွဲလုပ် ပေးတယ်။ ပါလာတဲ့ ဝန်ထမ်းအများစုက ပညာရေး၊ ကျန်းမာရေး၊ ထွေအုပ်ရုံးဝန်ထမ်းတွေနဲ့ ရဲ တပ်ဖွဲ့ဝင်တွေ အဓိကပါဝင်တယ်လို့သိရပါတယ်။ ဒီလောက်ဆိုရင် အုပ်ချုပ်ရေးယန္တရားက စ လည်ပတ်လို့ ရနေပြီပေါ့။ ဒါပေမဲ့၊ ဖလမ်းမြို့မှာ အုပ်ချုပ်စရာ ပြည်သူတော့ မရှိပါဘူး။ သူတို့ ခေါ်လာတဲ့ Non တွေနဲ့ စစ်သားတွေပဲရှိမယ်” ဟု ၎င်းက MPA ကို ပြောသည်။

ဖလမ်းမြို့သို့ Non CDM ဝန်ထမ်းများ ပို့ဆောင်ရန်အတွက် ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( ဒကစ ) မှ ဒကစမှူးကိုယ်တိုင် ကလေးမြို့ရှိ Non CDM ဝန်ထမ်းများကို ဧပြီ ၂၇ရက်တွင် တွေ့ဆုံဖိအားပေးခဲ့ကြောင်း ကလေးမြို့ ထွေအုပ်ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

” ဒစကမှူးကိုယ်တိုင် ဝန်ထမ်းတွေကို ခေါ်တွေ့ပြီး အထက်က ညွှန်ကြားချက်ရှိတယ်။ မြို့ကိုပြန်ပြီး တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး ခေါ်ပြောတာဗျ။ အထက်ဆိုပြီး ဝိတ်နဲ့ ဖိအားပေး၊ အတင်းအကျပ် ပြန်ပို့တော့ လိုက်သွားကြရတဲ့ သဘောပါ။ အဲဒီဝန်ထမ်းတွေနဲ့အတူ စစ်တပ်လော်ဘီ ကျော်စိုးဦး လည်း ပါသွားတယ်ဗျ။ ကလေးမြို့ထဲ သူရောက်နေတာ ရက်ပိုင်းရှိပြီလို့ သိရတယ်။ အခုလည်း သူပါသွားတာ စစ်တပ်က မြန်မြန်ဆန်ဆန်ပဲ ဖလမ်းမြို့ကို သူတို့ ကောင်းကောင်းလည်ပတ်နိုင် နေပြီ ဆိုတာမျိုး ဝါဒဖြန့်ချင်နေတဲ့ပုံစံပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဖလမ်းမြို့ကို ၂၀၂၅ခု၊ ဧပြီလအတွင်း ချင်းညီနောင်က သိမ်းပိုက်ခဲ့ပြီးနောက် တနှစ် ထိန်းချုပ်ခဲ့ကာ ၂၀၂၆ခု၊ ဧပြီ ၂၅ရက်၌ စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဖလမ်းမြို့သည် ကလေးမြို့နှင့် ၇၆ မိုင် ကွာဝေးပြီး ဖလမ်းမြို့ကို စစ်တပ်က ၇လနီးပါး ထိုးစစ်ဆင်ခဲ့ရာ စစ်ကူအားလုံးကို ကလေးမြို့မှတစ်ဆင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။