တစ်လတာ အလင်းဝင်စစ်သား စုစုပေါင်း၏ ၉၅ရာခိုင်နှုန်းခန့်မှာ စစ်မှုထမ်းတပ်သားများ ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဧပြီလအတွင်း အလင်းဝင်လာသူ စုစုပေါင်း ၄၄ဦး ရှိသည့်အနက် ၄၁ဦးမှာ စစ်မှုထမ်းတပ်သားများ ဖြစ်ကြောင်း သိရသည်။
“ပစ(စစ်မှုထမ်းတပ်သား)၉၉ရာခိုင်နှုန်းလောက်က စစ်တပ်ထဲ မဝင်ချင်ဘဲနဲ့ ရောက်လာတဲ့သူတွေ ဆိုတော့ လစ်တာနဲ့ ပြေးတာချည်းပဲ။အဲဒါကြောင့် စစ်တပ်က အလစ်မပေးဘဲ ပိတ်ဆို့ထားတာရော တော်လှန်ရေးဘက်ကကျတော့ ပစ တွေ အလင်းဝင်တာများအောင် ဘာမှ သိပ်မလုပ်ပေးနိုင်တာ ရောပေါ့။အဲဒါကြောင့် ပစ အလင်းဝင်အရေအတွက်က အရမ်းနည်းနေသေးတာ”ဟု နယ်စပ်ဒေသ အခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
ဧပြီလအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်းဖမ်းဆီးရမိမှု စုစုပေါင်း ၇၆ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားသည်။
“ပစ တွေ စစ်တပ်ထဲရောက်လာပြီးတဲ့နောက်မှာ သန္ဓေစစ်သားတွေက စင်ပေါ်ရောက်လာတယ်။ ခိုင်း စရာရှိလည်း ပစ၊ အသေခံစရာရှိလည်း ပစ ။ပြီးတော့ ပစ တွေကို ဗိုလ်ကျလို့လည်း ရတယ်။အခွင့်အ ရေးလည်း အရင်ကထက် နည်းနည်း ပိုရလာတယ်။အဲဒါတွေကြောင့် သန္ဓေစစ်သားတွေ အလင်းဝင် နှုန်း လျော့ကျလာတာလို့ ထင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားအများစုမှာ စစ်တပ်ကို ပြန်တော်လှန်နေကြကြောင်း MDSI ထုတ်ပြန်သည့် ‘ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက် ရောက်မှု လေ့လာဆန်း စစ်ချက်”အစီရင် ခံစာ၌ ဖော်ပြထားသည်။
