ရုရှားထံ ဒရုန်းအစိတ်အပိုင်းများနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ပေးသည်ဟုဆိုသော တရုတ်အခြေစိုက်ကုမ္ပဏီများအပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၃၅ ခုကို ဗြိတိန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်သည့်အပေါ် ဗြိတိန်အစိုးရထံ တရားဝင် ကန့်ကွက်လွှာပေးပို့ထားကြောင်း တရုတ်အစိုးရက မေလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် “နိုင်ငံတကာဥပဒေ သို့မဟုတ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ တရားမဝင် တစ်ဦးတည်းမူတည် ချမှတ်သည့် ပိတ်ဆို့အရေးယူမှုများကို အစဉ်တစိုက် ဆန့်ကျင်ခဲ့ပြီး၊ ဗြိတိန်၏ လုပ်ဆောင်ချက်များအပေါ် ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်းနှင့် တရားဝင် ကန့်ကွက်လွှာ ပေးပို့ထားကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့် က ပေကျင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံသည် ရုရှားနိုင်ငံထံ ဒရုန်းအစိတ်အပိုင်းများနှင့် အရေးပါသော စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးနေသည်ဟု ယူဆရသည့် ထိုင်းနှင့် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီများအပါအဝင် တတိယနိုင်ငံများမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၃၅ ခုကို အင်္ဂါနေ့တွင် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခဲ့သည်။
တရုတ်နိုင်ငံသည် ယူကရိန်းအရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်အောင် မြှင့်တင်ရန်နှင့် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ တင်ပို့မှုကို တင်းကျပ်စွာ ထိန်းချုပ်ရန် အမြဲတစေ ဆောင်ရွက်နေကြောင်း လင်းကျန့်က ဆိုသည်။
“တရုတ်နဲ့ ရုရှားကြားက ပုံမှန်ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြားဝင်နှောင့်ယှက်တာ ဒါမှမဟုတ် ထိခိုက်စေတာမျိုး မလုပ်သင့်ပါဘူး” ဟုလည်း ၎င်းက ပြောကြားသည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားများကို “ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်ရန်” လိုအပ်သည့် အစီအမံများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း လင်းကျန့်က ပြောကြားခဲ့သည်။
