ရန်ကုန်တွင် တစ်လအတွင်း မတရားဖမ်းဆီးခံရသူ ၃၂ ဦးရှိ

ဓာတ်ပုံ-RSN
ပုံစာ-ရန်ကုန်တွင် စစ်အုပ်စုဝင်များ ညဘက် ကင်းလှည့်နေစဉ်။(ပုံဟောင်း)

ရန်ကုန်တိုင်း၌ တစ်လအတွင်း မတရားဖမ်းဆီးခံရသူ ၃၂ ဦးရှိကြောင်း သိရှိရသည်ဟု Rangoon Scout Network-RSN က သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်၉ခုတွင် ဖမ်းဆီးခံရသော ယင်း၃၂ဦးအနက် ၂ဦးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ကာ ၇ဦးကို စစ်မှုထမ်းသင်တန်းနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ပြီး ကျန် ၂၃ဦး ၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးကြောင်း RSN က ဆိုသည်။

“မင်းအောင်လှိုင်တို့အဖွဲ့ လူဝတ်လဲအစိုးရဖွဲ့ခါစ ဖြစ်တာကြောင့်ရော၊ သင်္ကြန်ကို မစည်၊စည်အောင် စီစဉ်ခဲ့တာကြောင့်ရော ထိန်းလိုက်တာမို့ အဖမ်းအဆီးဖြစ်စဉ်တွေ သိရတာ နည်းသွားတယ် ထင်ပါ တယ်”ဟု RSN တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။

ဖမ်းဆီးခံရသူများအနက် ရှာဖွေဖမ်းဆီးခြင်းခံရသူ ၉ဦး၊ လမ်းမပေါ်သွားလာနေစဉ်နှင့် လမ်းဘေးထိုင် နေစဉ်ဖမ်းဆီးခံရသူ ၇ဦး၊ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ကာ ငွေညှစ်ခံရသူ ၉ဦး၊အလုပ်ရှိသည်ဟု လိမ် လည်မျှားခေါ်ကာ ဖမ်းဆီးခံရသူ တစ်ဦးနှင့် ဖမ်းဆီးသည့်ပုံစံနှင့်အကြောင်းရင်း မသိရဘဲ အချုပ်ထဲ အဖမ်းခံထားရသူ ၆ ဦး ရှိကြောင်း RSN က ဆိုသည်။

ရန်ကုန်မြို့ရဲသတင်းရင်းမြစ်တစ်ဦးကမူ “ဒီနှစ်ထဲမှာ ရန်ကုန်မြို့စွန်တွေက လှိုင်သာယာ၊ရွှေပြည်သာ ၊တောင်ဒဂုံ၊မြောက်ဒဂုံပေါ့။အဲဘက်တွေမှာ အုပ်ကြီးတွေက စစ်တပ်ကျောထောက်နောက်ခံနဲ့ နာမည် စာရင်းအတိအကျနဲ့ စစ်မှုထမ်းအကျုံးဝင်တွေကို အိမ်ပေါ် အလစ်ဝင်ဖမ်းတာမျိုးတွေ များလာတယ်။ များသောအားဖြင့် အခြေခံလူတန်းစားရပ်ကွက်တွေမှာ”ဟု ပြောသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များတွင်၂၀၂၅ခုနှစ်မှစတင်ကာ လူမသိသူမသိ ပျောက်ဆုံးသွားသော လူငယ်များစွာရှိကြောင်းလည်း ၎င်းက ဆိုသည်။

ဧပြီလအတွင်း ဖမ်းဆီးခံရသည့် ၃၂ဦးထဲတွင် သင်္ကြန်တွင်း ခိုက်ရန်ဖြစ်ပွားမှု၊ လူကုန်ကူးမှုစသည့် ကိစ္စများဖြင့် ဖမ်းဆီးခံရသူများနှင့် လူပျောက်ဖြစ်စဉ်များကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိကြောင်း RSN က ထုတ်ပြန်သည်။

“ကျနော်တို့ ရွှေပြည်သာမှာဆို လမ်းမပေါ်မှာ လူငယ်ဆိုတာ တော်တော်ရှားနေပြီ။နေ့ခင်းဘက်ကို သိပ်မမြင်ရတော့တာ။အဲဒါလည်း ဖမ်းတာက ဖမ်းနေတုန်းပဲ။ရွှေပြည်သာ၊လှိုင်သာယာက ပျူလူမိုက် တွေကလည်း ကြောက်ရတယ်”ဟု ရွှေပြည်သာ၊ VIP ရပ်ကွက်တစ်ခုနေ အသက်၅၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း မတရားဖမ်းဆီးခံရမှုမှာ ဇန်နဝါရီတွင် လူ ၈၀ ခန့်၊ ဖေဖော်ဝါရီတွင် ၆၀ ခန့် နှင့် မတ်လတွင် လူ ၁၀၀ ခန့် ရှိကြောင်း RSN တာဝန်ရှိသူက ပြောသည်။