ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ဖူနွမ်းကျေးရွာ ဘုရားကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးရဲမေ ၄ဦးအပါအဝင် ၁၀ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
မေလ ၆ရက်၊ ညနေ ၄နာရီခန့်က တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာ၊ AG ဘုရားကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ချင်းတော်လှန်ရေးရဲဘော် ၇ဦးကျဆုံးပြီး၊ ပြည်သူ ၃ဦးလည်း သေဆုံးခဲ့ကြောင်း တီးတိန်မြို့နယ်ရှိ တော်လှန်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
” ဘုရားကျောင်းကို ဦးတည်ပြီး ဒရုန်းနဲ့ ဗုံးကြဲတာပါ။ ညနေ ၄ နာရီမှာ ဗုံး ၃လုံးချတယ်။ တစ်လုံးပဲ ပေါက်ကွဲပြီး ကျန် ၂လုံးကတော့ မကွဲသေးဘူး။ ဘုရားကျောင်းနားမှာ ရှိနေတဲ့ အမျိုးသမီးရဲဘော် ၄ဦး၊ အမျိုးသားရဲဘော် ၃ဦးကျဆုံးပါတယ်။ ဘာလုပ်နေကြတယ်လို့တော့ သူတို့တပ်ဖွဲ့ကိုယ်တိုင်က ထုတ်ပြန်မလာသေးတော့ ပြောရခက်တယ်။ ဒါ့အပြင် ဘုရားကျောင်းမှာ ထမင်းလာချက်နေကြတဲ့ ပြည်သူ ၃ဦးလည်း သေဆုံးပါတယ်။ အမျိုးသမီးတွေဖြစ်ဖို့များပါတယ်။ သေချာမသိရဘူး” ဟု ၎င်းက ပြောသည်။
ထို့နောက် ညနေ ၅နာရီခန့်တွင် ယင်းဘုရားကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ထပ်မံဗုံးကြဲခဲ့ရာ ဘုရားကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
” နောက်တစ်ကြိမ်လာချတာမှာ ဘုရားကျောင်းက လုံးဝမီးလောင်သွားတယ်။ ကျောင်းတစ်ခုလုံး လောင်သွားတာဗျ။ ပြီးတော့ ကျေးရွာနေ သက်ကြီးပိုင်း အမျိုးသားတစ်ဦးလည်း ဗုံးစထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဖူနွမ်းရွာသည် တီးတိန်မြို့၏ ၁၈ မိုင် အကွာတွင် တည်ရှိပြီး လတ်တလော တိုက်ပွဲများဖြစ်ပွားနေသည့် ကနေဒီတောင်နှင့် ၁၃မိုင်ခန့် ကွာဝေးသည်။
မေလ ၂ရက်မှစ၍ ကလေးမြို့မှ တီးတိန်မြို့သို့ စစ်တပ်က စစ်အင်အားဖြည့်တင်းကာ ကလေး – တီးတိန် လမ်းပိုင်းမှ စစ်ကြောင်း တက်လာနေရာ ချင်းပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက် လျက် ရှိသည်။
