မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးလုပ်ဆောင်ခြင်းသည် မိမိအိမ်မိမိမီးရှို့ခြင်းနှင့် မိမိကိုယ်ကိုယ်ဖျက်ဆီးသည့်လုပ်ရပ်ဟု တရုတ်လော်ဘီပြော

ဓာတ်ပုံ - Zhao Jin Facebook
ပုံစာ-တရုတ်လော်ဘီ Zhao Jin

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အပြီး ဆိုရှယ်မီဒီယာပေါ်တွင် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြင်းထန်လာခြင်းနှင့် ပတ်သက်၍ Beijing Foreign Studies University မှ မြန်မာစာဆရာမ Zhao Jin က ၎င်းမှာ မြန်မာပြည်သူများအတွက် အကျိုးမရှိဘဲ မိမိကိုယ်ကိုယ်သာ ပြန်လည်ဖျက်ဆီးရာ ရောက်သည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

Zhao Jin ၏ ရေးသားချက်တွင် ယခုအကြိမ် တရုတ်မုန်းတီးရေး လှုံ့ဆော်ရာတွင် နယ်စပ်ခြံစည်းရိုးကိစ္စကို အဓိကအသုံးချနေပြီး ၎င်းမှာ လက်ရှိအစိုးရ(အတုအယောင်မင်းအောင်လှိုင်အစိုးရ)ကို နယ်မြေရောင်းစားသည့်အစိုးရ သို့မဟုတ် တရုတ်လက်အောက်ခံအစိုးရအဖြစ် ပုံဖော်လိုသော ရည်ရွယ်ချက်ဖြစ်သည်ဟု ဆိုထားသည်။

ထို့ပြင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု လူမှုရေးပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်းဖြင့် အစိုးရ၏ တိုင်းပြည်တိုးတက်ရေးစီမံကိန်းများကို ဟန့်တားရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ၎င်းက စွပ်စွဲထားသည်။

“တကယ်တော့ မြန်မာပြည်သူတွေ တရုတ်ကို ဆန့်ကျင်နေကြတာဟာ တစ်စုံတစ်ယောက်က လှုံ့ဆော်ပေးလို့ လုပ်နေကြတာ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို စိုးရိမ်လို့ ပြည်သူတွေရဲ့ ရင်ထဲကနေ အလိုလို ပေါက်ဖွားလာတဲ့ ခံစားချက်တွေပါ။ တရုတ်အစိုးရက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လုံးဝဂရုမစိုက်ဘဲ အာဏာရှိတဲ့သူတွေနဲ့ပဲ ပူးပေါင်းပြီး ကိုယ်ကျိုးရှာနေတာဟာ ဒီမုန်းတီးမှုတွေရဲ့ အဓိကအရင်းအမြစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာ မီဒီယာတွေက ဝါဒဖြန့်နေလို့ ဖြစ်လာတာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ပြောချင်ပါတယ်”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။

Zhao Jin က ဆက်လက်ပြောကြားရာတွင် ဆန့်ကျင်ဘက်အင်အားစုများသည် ယခင်က လက်နက်ကိုင်တော်လှန်ခြင်းနှင့် အုပ်ချုပ်ရေးယန္တရားဖျက်ဆီးခြင်းကို လုပ်ဆောင်ခဲ့သော်လည်း ယခုအခါတွင်မူ မဟာဗျူဟာပြောင်းလဲကာ လူမှုရေးပတ်ဝန်းကျင်နှင့် စီးပွားရေးစီမံကိန်းများကို အိုးမည်းသုတ်ခြင်း၊ ဖျက်ဆီးခြင်းတို့ကို ပြောင်းလဲလုပ်ဆောင်လာကြောင်း ဝေဖန်ထားသည်။

ဤသို့လုပ်ဆောင်ရာတွင် အမျိုးသားရေးသမားများကို ဆွဲဆောင်ရန် မြန်မာပြည်မြောက်ပိုင်းအရေးကို အသုံးချနေသည်ဟု ၎င်းက ဆိုသည်။

“နယ်စပ်ခြံစည်းရိုးကိစ္စနဲ့ မြောက်ပိုင်းအရေးဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ကိစ္စတွေပါ။ ဒါကြောင့် ဘယ်လိုနိုင်ငံရေးအုပ်စုမျိုးပဲဖြစ်ဖြစ် ဒီအပေါ်မှာ စိုးရိမ်ပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့် အပြည့်အဝရှိပါတယ်။ တရုတ်ဘက်က မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ထည့်မတွက်ဘဲ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ပဲ ကြည့်ပြီး နယ်စပ်ဒေသတွေမှာ ဩဇာလွှမ်းမိုးဖို့ ကြိုးစားနေတာဟာ တကယ့်အမျိုးသားရေးသမားတွေကိုပါ ဒေါသထွက်အောင် တွန်းပို့နေသလို ဖြစ်နေပါတယ်။ ဒါဟာ တစ်ယောက်ယောက်က ခိုင်းလို့ ဖြစ်လာတာမဟုတ်ဘဲ တရုတ်ရဲ့ လုပ်ရပ်တွေကြောင့်သာ ဖြစ်လာရတာပါ”ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

Zhao Jin က တရုတ်မုန်းတီးရေး လုပ်ဆောင်သူများအား မိမိအိမ်တွင်း၌ မီးရှို့ခြင်း နှင့် နှိုင်းယှဉ်ခဲ့ပြီး တရုတ်ပြည်ကဲ့သို့ လူဦးရေ သန်း ၁၄၀၀ ရှိသော နိုင်ငံကြီးအတွက် မည်သည့်ထိခိုက်မှုမျှမရှိဘဲ မြန်မာမိသားစုများသာ မီးလောင်ဒဏ်ခံရမည်ဟု ခြိမ်းခြောက်ထားသည်။

တက်ကြွလှုပ်ရှားသူများကမူ ဤနှိုင်းယှဉ်ချက်သည် မြန်မာပြည်သူများကို အထင်သေးရာရောက်ပြီး တရုတ်အနေဖြင့် အိမ်နီးချင်းကောင်း ပီသလိုပါက မြန်မာပြည်သူတို့၏ စိုးရိမ်ပူပန်မှုများကို နားထောင်သင့်ကြောင်း တုံ့ပြန်ကြသည်။

“တရုတ်အနေနဲ့ သူတို့က စီးပွားရေးအရ အင်အားကြီးတယ်၊ အသာစီးရထားတယ်ဆိုတဲ့ အချက်ကိုပဲ ကြည့်ပြီးတော့ တခြားနိုင်ငံက ပြည်သူတွေရဲ့ ခံစားချက်ကို လျစ်လျူရှုထားလို့ မရပါဘူး။ ဒီလိုမျိုး တစ်ဖက်သတ် ဆန်နေတာဟာ ရေရှည်ဆက်ဆံရေးအတွက်တော့ လုံးဝအဆင်မပြေနိုင်သလို အနှုတ်လက္ခဏာပဲ ဖြစ်စေမှာပါ။ အိမ်နီးချင်းကောင်း ပီသချင်တယ်ဆိုရင် ကိုယ့်အကျိုးစီးပွားတင် မဟုတ်ဘဲ တစ်ဖက်နိုင်ငံက လူထုရဲ့ ရင်ဖွင့်သံတွေကိုလည်း လေးလေးစားစား နားထောင်ဖို့ လိုပါလိမ့်မယ်” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ယင်းအပြင် Zhao Jin စိတ်ပိုင်းဆိုင်ရာ ရှုထောင့်မှကြည့်လျှင်လည်း တရုတ်မုန်းတီးရေးလှုံ့ဆော်မှုသည် မြန်မာလူမျိုးများအတွက် အပြုသဘောဆောင်သော (Positive) တွေးခေါ်ပုံနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-confidence) တို့ကို ဖျက်ဆီးနေကြောင်း ဝေဖန်ထားသည်။

မိဘများအနေဖြင့် သားသမီးများကို အမြင်ကျယ်သူများဖြစ်အောင် ပြုစုရမည့်အစား မုန်းတီးရေးအဆိပ်အတောက်များ ကျွေးမွေးနေခြင်းသည် ကလေးငယ်များ၏ အနာဂတ်ကို ဖျက်ဆီးရာရောက်သည်ဟု Zhao Jin ဆိုသည်။

Zhao Jin က စီးပွားရေးအခွင့်အလမ်း မြင်တတ်သည့် မိဘများသည် သားသမီးများကို တရုတ်ပြည်သို့ပို့၍ ပညာသင်ခိုင်းကာ အကျိုးစီးပွား ရှာဖွေကြမည်ဖြစ်သော်လည်း၊ အခွင့်အရေး မမြင်တတ်သူများမှာမူ မုန်းတီးနေရုံဖြင့် ဆင်းရဲတွင်းနက်ကာ ကျန်ရစ်ခဲ့မည်ဖြစ်ကြောင်း၊ ယင်းကြောင့် ရှေ့လျှောက် မြန်မာလူ့အဖွဲ့အစည်းတွင် ဆင်းရဲချမ်းသာ ကွာဟမှု ပိုမိုကြီးမားလာနိုင်သည်ဟု ရေးသားထားသည်။

တရုတ်လော်ဘီ Zhao Jin ၏ ပြောဆိုချက်များသည် မြန်မာပြည်သူတို့၏ ဆန့်ကျင်မှုကို အသိဉာဏ်ကင်းမဲ့သော လုပ်ရပ် အဖြစ် ပုံဖော်ရန် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။