အင်ဒိုနီးရှားတွင် အသက် ၁၆ နှစ်အောက်ကလေးများကို အွန်လိုင်းစျေးဝယ်ခွင့် ပိတ်ပင်ရန် စဉ်းစားနေ

ဓာတ်ပုံ - EPA
ပုံစာ - အင်ဒိုနီးရှားနိုင်ငံ၏ ဈေးတစ်ခုအတွင်း လူမှုမီဒီယာမှတစ်ဆင့် အဝတ်အစားရောင်းနေသူ ကလေးတစ်ဦး

အင်ဒိုနီးရှားနိုင်ငံတွင် ဆယ်ကျော်သက်များအတွက် လူမှုကွန်ရက်အသုံးပြုမှုကို အလုံးစုံပိတ်ပင်လိုက်ပြီးနောက်၊ ယခုအခါ အသက် ၁၆ နှစ်အောက်ကလေးများကို e-commerce ခေါ် အွန်လိုင်းစျေးဝယ်ပလက်ဖောင်းများ အသုံးပြုခွင့်ပိတ်ပင်ရန် ထပ်မံစဉ်းစားနေကြောင်း ဆက်သွယ်ရေးဝန်ကြီးက မေလ ၆ ရက် တွင် AFP သို့ ပြောကြား သည်။

” အီးကောမတ်စ်ကတစ်ဆင့် ငွေလိမ်ခံရတဲ့ ကလေးတွေကို ကျွန်မတို့ တွေ့ရှိခဲ့ရလို့ နောက်ထပ် ပိတ်ပင်ဖို့ပြင်နေတာကတော့ အီးကောမတ်စ်တွေပါပဲ၊ ” ဟု ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ဝန်ကြီး မူတယာ ဟာဖစ် က ဂျကာတာတွင်ပြုလုပ်သော အင်တာဗျူးတစ်ခု၌ ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံသည် အွန်လိုင်းမှတစ်ဆင့် ညစ်ညမ်းရုပ်ပုံများ၊ အွန်လိုင်းပေါ်မှ နှောင့်ယှက်စော်ကားမှုများနှင့် အင်တာနက်စွဲလမ်းမှု ဘေးအန္တရာယ်များမှ ကလေးငယ် ၇ သန်းခန့်ကို ကာကွယ်ရန်အတွက် အသက် ၁၆ နှစ်အောက်များအား လူမှုကွန်ရက်သုံးစွဲခွင့်ကို ပြီးခဲ့သည့် မတ်လကတည်းက စတင်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လုပ်ဆောင်ချက်သည် ဆယ်ကျော်သက်များအား လူသိများသော လူမှုကွန်ရက်များတွင် အကောင့်ဖွင့်ခြင်းကို တားမြစ်ရန် သြစတြေးလျနိုင်ငံက ဒီဇင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့သည့် သမိုင်းဝင်ခြေလှမ်းကို အတုယူထားခြင်းဖြစ်သည်။

အင်ဒိုနီးရှား၏ ကန့်သတ်ချက်သည် အစပိုင်းတွင် “အန္တရာယ်ရှိနိုင်ခြေမြင့်မားသော” ပလက်ဖောင်း ၈ ခုဖြစ်သည့် YouTube၊ TikTok၊ Facebook၊ Instagram၊ Threads၊ X၊ တိုက်ရိုက်ထုတ်လွှင့်မှုဝန်ဆောင်မှု Bigo Live နှင့် ဂိမ်းပလက်ဖောင်း Roblox တို့ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် အွန်လိုင်းစျေးဝယ်ဆိုဒ်များအပါအဝင် “ဒစ်ဂျစ်တယ်ပလက်ဖောင်းအားလုံး” အထိ အကျုံးဝင်လာမည်ဖြစ်ကြောင်း ဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်။

လူဦးရေ ၂၈၄ သန်းကျော်ရှိသော အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် လူမှုကွန်ရက်အသုံးပြုသူ အများဆုံးရှိသည့် နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်သည်။ အစိုးရ၏ ရည်မှန်းချက်မှာ ကလေးများကို ကာကွယ်ရန်အတွက် မိဘများက “ပလက်ဖောင်းကြီးများ” ကို ရင်ဆိုင်ရာတွင် အထောက်အကူဖြစ်စေရန်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

“စည်းမျဉ်းစည်းကမ်းတွေမရှိဘဲ သူတို့ကို (ပလက်ဖောင်းတွေနဲ့) တစ်ယောက်တည်း ရင်ဆိုင်ခိုင်းတာဟာ မိဘတွေကို ကမ္ဘာ့ချန်ပီယံ စစ်တုရင်ကစားသမားနဲ့ ယှဉ်ကစားခိုင်းသလိုပါပဲ။ သူတို့ နိုင်မှာမဟုတ်ဘူး၊ ဒါမှမဟုတ် နိုင်ဖို့ဆိုတာ အရမ်းခက်ပါလိမ့်မယ်” ဟု ဝန်ကြီးက ရှင်းပြခဲ့သည်။

သြစတြေးလျနိုင်ငံကဲ့သို့ပင် အင်ဒိုနီးရှား၏ စည်းမျဉ်းများသည် ဆယ်ကျော်သက်များ၏ အသုံးပြုခွင့်ကို ထိန်းချုပ်ရန် ပလက်ဖောင်းများတွင် တာဝန်ရှိကြောင်း သတ်မှတ်ထားသည်။ အဆင့်ဆင့် အကောင်အထည်ဖော်မည့် အဆိုပါ ပိတ်ပင်ချက်ကို မလိုက်နာပါက ဒဏ်ငွေရိုက်ခံရခြင်း သို့မဟုတ် နိုင်ငံအတွင်း ဝန်ဆောင်မှုပေးခွင့်ကိုပါ ယာယီရပ်ဆိုင်းခံရခြင်း စသည့် အန္တရာယ်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။