နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် နော်ဝေးနိုင်ငံက ထပ်မံတောင်းဆိုလိုက်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံနှင့် ကုလသမဂ္ဂအထူးသံတမန်တို့ နှင့် တွေ့ဆုံခွင့်ပြုရန် တိုက်တွန်းကြောင်းလည်း ရန်ကုန် မြို့ရှိ နော်ဝေသံရုံးက ယနေ့(မေ၇ရက်) ထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနှင့် ပုံမှန်ဆက်သွယ်ထိတွေ့ခွင့်၊ရှေ့ နေများနှင့် ဆက်သွယ် တွေ့ဆုံခွင့်နှင့် သင့်တော်သော ဆေးကုသခွင့်ရရှိရန် မျှော်လင့်ကြောင်းလည်း ထုတ်ပြန်လိုက်သည်။
“တစ်ကမ္ဘာလုံးက နင်လားငါလားတောင်းဆိုနေကြပြီဆိုတော့ မင်းအောင်လှိုင်အနေနဲ့ နိုင်ငံတကာသံ တမန်တစ်ယောက်ယောက်နဲ့ တွေ့ဆုံခွင့်ပြုမလား၊ဒါမှမဟုတ် ကိုထိန်လင်းနဲ့ တွေ့ခွင့်ပြုမလားပေါ့။ အဲဒီလောက်ထိ မျှော်လင့်ကြည့်မိတယ်။ပြန်တော့လွှတ်ပေးရဲမှာ မဟုတ်ဘူး”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခဲ့သည့်သတင်းကို နော်ဝေးသံရုံးက သိရှိသည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် အာဆီယံရော နိုင်ငံတကာကပါ ဆက်တိုက် တောင်းဆိုနေသော်လည်း စစ်အုပ်စုအစိုးရတုက မသိချင်ယောင်ဆောင်နေသည်။
