စစ်ကော်မရှင်ကို ပြတ်သားစွာအရေးယူဖို့ အာဆီယံကို အာဆီယံခေါင်းဆောင်ဟောင်းများတိုက်တွန်း

စီဘူးမြို့တွင် ကျင်းပနေသည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များအနေဖြင့် ဘုံသဘောတူညီချက် ငါးချက်ကို စွန့်လွှတ်ပြီး လုပ်ထုံးလုပ်နည်းအသစ်များ ချမှတ်ရန် နိုင်ငံခြားရေးဝန်ကြီးဟောင်းများနှင့် ကုလသမဂ္ဂကျွမ်းကျင်သူဟောင်းများအဖွဲ့က ယမန်နေ့က တိုက်တွန်းပြောကြားလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကော်မရှင်သည် အာဆီယံ၏ သည်းခံထိန်းသိမ်းမှုကို အခွင့်ကောင်းယူကာ အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ပိုမိုလုပ်ဆောင်လာနေကြောင်း သတိပေးထားသည်။

အဆိုပါထုတ်ပြန်ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Saifuddin Abdullah၊ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်ဟောင်း Leila de Lima နှင့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူဟောင်း ၃ ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

“စစ်ကော်မရှင်ရဲ့ လက်ချက်နဲ့ နှစ်အတော်ကြာ အရှက်ရခဲ့ပြီးနောက်မှာ အာဆီယံအနေနဲ့ ကျားရဲ့ အစင်းကျားက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး ဆိုတာကို လက်ခံရပါလိမ့်မယ်” ဟု လက်မှတ်ရေးထိုးသူများက ဆိုသည်။

၎င်းတို့သည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ချမှတ်ခဲ့သည့် ၅ ချက်ဘုံသဘောတူညီချက်ကို မင်းအောင်လှိုင်က အကြိမ်ကြိမ်ချိုးဖောက်နေခြင်းကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာသည် စီဘူးမြို့တွင် မေလ ၇ ရက်မှ ၈ ရက်အထိ ထိပ်သီးအစည်းအဝေးကို အလှည့်ကျဥက္ကဌအဖြစ် ဦးဆောင်ကျင်းပနေပြီး အစည်းအဝေးအစီအစဉ်များတွင် မြန်မာ့အရေး၊ စွမ်းအင်လုံခြုံရေး၊ စားနပ်ရိက္ခာလုံခြုံရေးနှင့် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်သည်။

SAC-M အဖွဲ့က စစ်ကော်မရှင်၏ မကြာသေးမီက လုပ်ဆောင်ချက်များ (ဥပမာ – ကန့်ကွက်ရှုတ်ချခံထားရသည့် ရွေးကောက်ပွဲကျင်းပခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်းလိုက်သည်ဟူသော အတည်မပြုနိုင်သည့် ပြောဆိုချက်များ) ကို နိုင်ငံတကာ၏ တရားဝင်မှုကို ရရှိရန်အတွက် ဟန်ပြလုပ်ဆောင်သည့် ဗျူဟာမြောက် လုပ်ရပ်များသာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ရွှေ့လိုက်တာဟာ တကယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အလားအလာပါ၊ ဒါပေမဲ့ ဒါဟာ မတရားဖမ်းဆီးထိန်းသိမ်းထားမှု ဖြစ်နေဆဲပါပဲ” ဟု ဆိုကာ နိုဗယ်လ်ဆုရှင်ထံသို့ လွတ်လပ်သော စောင့်ကြည့်လေ့လာသူများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ ချက်ချင်းဝင်ရောက်တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့သည်။

ထို့အပြင် ၂၀၂၆ ခုနှစ်၊ မတ်လသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူများအတွက် အသေ အပျောက်အများဆုံး လဖြစ်ခဲ့ပြီး စစ်ကော်မရှင်၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း လက်မှတ်ရေးထိုးသူများက ထောက်ပြသည်။

ယင်းအဖွဲ့က ဖိလစ်ပိုင်ဦးဆောင်သည့် အာဆီယံအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်အသစ်များ ချမှတ်ရန် တောင်းဆိုထားပြီး၊ စစ်ကော်မရှင်ကိုယ်စားလှယ်များကို အာဆီယံအစည်းအဝေးများ တက်ရောက်ခွင့်ပိတ်ပင်ထားရာတွင် အဆင့်မြင့်အရာရှိများသာမက လုပ်ငန်းခွင်အဆင့် (Working-level) အရာရှိများကိုပါ ထပ်မံတိုးချဲ့ပိတ်ပင်ရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် ဦးဝင်းမြင့် ကို မြန်မာနိုင်ငံ၏ တရားဝင်သမ္မတအဖြစ် အာဆီယံက ဆက်လက်အသိအမှတ်ပြုရန်၊ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများ အပါအဝင် နိုင်ငံအနှံ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အပြည့်အဝပေးနိုင်ရေး ဖိအားပေးရန်၊ အာဆီယံအထူးကိုယ်စားလှယ် (Special Envoy) ၏ အခန်းကဏ္ဍကို ပိုမိုအားကောင်းစေရန်နှင့် ရေရှည်အတွက် ဝန်ထမ်းအင်အား၊ အရင်းအမြစ်များ အပြည့် အဝပေးအပ်ရန် တောင်းဆိုထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဌအဖြစ် “Navigating Our Future, Together” (ကျွန်ုပ်တို့၏ အနာဂတ်ကို အတူတကွ ပဲ့ကိုင်ပုံဖော်ကြစို့) ဟူသော ဆောင်ပုဒ်ဖြင့် လက်ခံကျင်းပနေခြင်းဖြစ်သည်။