စစ်အုပ်စုက တစ်လတာ အကြမ်းဖက်လေကြောင်းစစ်ဆင်ရေးအတွက် လေယာဉ်ဆီဂါလံ ၁၂သိန်း ကျော်သုံးစွဲခဲ့ကြောင်း Blood Money က ယနေ့(မေ၇ရက်)ည ထုတ်ပြန်သည်။
၂၀၂၅ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှ ဩဂုတ် ၁၅ရက်အတွင်း လေယာဉ်နှင့် ရဟတ်ယာဉ် အကြိမ်ရေ ၂၄၀၀ ခန့် ပျံသန်းကာ အကြမ်းဖက်လေကြောင်း စစ်ဆင်ရေး ပြုလုပ်ခဲ့ရာ လေယာဉ်ဆီ အင်ပီရီယာယ်ဂါလံ ၁၂ သိန်းကျော် သုံးစွဲခဲ့ရပြီး ကန်ဒေါ်လာ ၃ သန်းကျော်(($ ၃,၀၃၃,၆၃၅) ကုန်ကျခဲ့ကြောင်း သိရသည်။
“ဒီလောက်များတဲ့ ငွေကြေးတွေ ဘယ်ကရနေလဲ”ဟုလည်း Blood Money က မေးခွန်းထုတ်ထားသည်။
တိုက်လေယာဉ်အုပ်စုက လေယာဉ်ဆီ ၆ သိန်း ၂ သောင်းကျော်၊ သယ်ယူပို့ဆောင်ရေးနှင့် ဗုံးကြဲလေယာဉ်အုပ်စုက ၅ သိန်း ၆ သောင်းကျော်နှင့် ဟယ်လီကော်ပတာ ရဟတ်ယာဉ်အုပ်စုက ၄ သောင်းနီးပါး သုံးစွဲခဲ့ကြောင်း သိရသည်။
“အရင် ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်က လေကြောင်းတိုက်ခိုက် မှု အများဆုံးပြုလုပ်တာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ သိရတယ်။ဆို တော့ စစ်တပ်ဟာ ပြည်သူ့ဘဏ္ဍာနဲ့ ပြည်သူသတ်တဲ့လုပ်ငန်းကို တစ်လ အနည်းဆုံး အမေရိကန် ဒေါ်လာ ၃သန်းကျော် အကုန်ကျခံပြီး သတ်နေတဲ့သဘောပဲ”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာ ရှိတစ်ဦးက MPAသို့ပြောသည်။
အဆိုပါတစ်လတာ အကြမ်းဖက်လေကြောင်းစစ်ဆင်ရေးအတွက် တိုက်လေယာဉ်များကို ၁၂၇၂ကြိမ်၊ သယ်ယူပို့ဆောင်ရေးနှင့် ဗုံးကြဲချနိုင်သည့် လေယာဉ်များကို ၉၁၂ ကြိမ်နှင့် ရဟတ်ယာဉ်များကို ၁၈၉ ကြိမ် အသုံးပြုခဲ့ကြောင်း Blood Money က ထုတ်ပြန်သည်။
၂၀၂၅ခုနှစ်၊ ဇွန် ၁၆ မှ ဇူလိုင် ၁၅ရက်အထိ တစ်လအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ရေးအ တွက် လေယာဉ်ဆီ အင်ပီရီယာယ်ဂါလံပေါင်း ၁၅ သိန်း ၆ သောင်းကျော် (၁,၅၆၂,၇၁၇ ဂါလံ) သုံးစွဲခဲ့ရာ အမေရိကန်ဒေါ်လာ ၄သန်းနီးပါး ကုန်ကျခဲ့ကြောင်း သိရသည်။
