မေပထမတစ်ပတ်အတွင်း စစ်တပ်က ကျောက်ထုကို လေကြောင်းဖြင့် အကြိမ်ရေ ၂၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်

ဓာတ်ပုံ-လူမှုကွန်ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ ကျောက်ထုမြို့နယ်ခွဲကို စစ်ကော်မရှင်က မေလ ပထမပတ်အတွင်း လေကြောင်းဖြင့် အကြိမ်ရေ ၂၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ပွိုင့်ဖိုက်များဖြင့်လည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

၂၀၂၆ ခုနှစ်၊ မေ ၁ ရက်မှစ၍ မေ ၇ ရက်အထိ စစ်ကော်မရှင်၏ တံတားဦး၊ မကွေးနှင့် ရှမ်းတဲလေတပ်တို့မှ တက်လာသည့် ဂျက်ဖိုက်တာ၊ Y-12 စစ်ထောက်ပို့ယာဉ်တို့ဖြင့် ကျောက်ထု၊ ဆောနှင့် ကျောက်ထု-မင်းတပ်အစပ်နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဗုံးကြဲမယ်ဆိုရင် ငါးစင်းထိလာတယ်။ ရော့ကက်တွေ၊ ပွိုင့်ဖိုက်တွေနဲ့လည်း ပစ်တယ်။ မပစ်ခင်မှာ UAV ကင်းထောက်တွေ ပျံတယ်၊ ပြီးရင် ပစ်တော့တာပဲ။ ဒီရက်ပိုင်းထဲ ဒရုန်းတွေ ဝဲတာလည်း များတယ်။ ဒရုန်းနဲ့လည်း ဗုံးချတယ်။ ကျောက်ထု၊ ဆော အဲ့ဒီမြို့နယ်တွေကတော့ ခဏတိုင်း အကြဲခံနေရတယ်။ ကံကြီးမှာ ထိုင်လိုက်ကတည်းက ဗုံးကြဲတာ မပြတ်တော့ဘူး” ဟု မြေပြင်အခြေအနေသိရှိသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

ယနေ့ (မေ ၈ ရက်)၊ နံနက် ၁ နာရီတွင် ကျောက်ထုမြို့အနီး တစ်နေရာနှင့် နံနက် ၇ နာရီတွင် ချင်းပြည်နယ်၊ မင်းတပ်မြို့အရှေ့ခြမ်းတစ်နေရာကို တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စင်းက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ်ရာရမှုများနှင့် နေအိမ်အဆောက်အဦ ထိခိုက်ပျက်စီးမှုများကို MPA အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ပြီးခဲ့သည့် မေ ၄ ရက်၌ ဂန့်ဂေါခရိုင်၊ ယောဒေသနှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များအားလုံး လေကြောင်းကို ကြိုတင်သတိထားကြရန် ဒေသတွင်းသတင်းများ ဖော်ပြပေးနေသည့် ယောအလင်းတန်းက အသိပေးထားသည်။

ထို့ပြင် ဧပြီလကုန်ပိုင်း၌ ပြင်ဦးလွင်မှ ဆင်းလာသည့် စစ်အင်အား ၅၀၀ ဝန်းကျင်ပါရှိသည့် ပထမအသုတ် စစ်ကော်မရှင်စစ်ကြောင်းမှာလည်း ယနေ့နံနက် ၈ နာရီခန့်တွင် ပေါက်မြို့သို့ ဝင်ရောက်နေပြီ ဖြစ်သည်။

“စစ်ကြောင်းရော လေကြောင်းရော နားစွင့်နေရတာပေါ့။ ပေါက် ကပစ ၂၄ ကလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ စစ်ရှောင်ရမယ်ဆိုရင်လည်း အခက်အခဲက ရှိနိုင်တယ်လေ။ အခုကို ရာသီဥတုက မမှန်ဘူး” ဟု ဆောမြို့နယ်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

၂၀၂၆ ခုနှစ်၊ မေ ၅ ရက်တွင်လည်း မိတ္ထီလာ၊ ရှမ်းတဲလေတပ်မှ တက်လာသည့် Y-8 စစ်ထောက်ပို့ယာဉ်တစ်စင်းဖြင့် ထီးလင်းမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်စခန်းများသို့ ရိက္ခာထုပ်များ ချထားပေးခဲ့သည်။

“အခု မေပထမတစ်ပတ်အတွင်းကို ကျောက်ထုနဲ့ ထီးလင်းကို ရိက္ခာအင်အားတွေ ချတာ များတယ်။ ချင်းတောင်ပိုင်းကို ထိုးစစ်အတွက်လို့ ခန့်မှန်းတာပေါ့။ ကျောက်ထုမှာလည်း အင်အားချတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလကုန်ပိုင်း၌ ဆော-ကျောက်ထု-မင်းတပ်လမ်းဆုံရှိ ကံကြီးကျေးရွာကို စစ်ကော်မရှင်က အထိုင်ချတပ်စွဲခဲ့ပြီးနောက် စစ်ကော်မရှင်၏ ထိုးစစ်များကြောင့် ဒေသတွင်းတိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သည့် စိုးရိမ်မှုများ ဒေသခံများကြား မြင့်တက်လျက်ရှိသည်။