မွန်ပြည်နယ်တွင် ကြံ့ဖွံ့ကလွဲ၍ အခြားပါတီအမတ်များကို ဌာနဆိုင်ရာ လူရာမသွင်း

ဓာတ်ပုံ-မွန်ညီညွတ်ရေးပါတီ-ချောင်းဆုံ
ပုံစာ- မွန်ပါတီအမတ်များ ကွင်းဆင်းနေပုံ

ကြံ့ဖွံကလွဲ၍ အခြားပါတီမှ လွှတ်တော်အမတ်များကို မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများက လူ ရာသွင်း အဖက်လုပ်ခြင်း မရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများသည် မွန်ညီညွတ်ရေးပါတီအပါအဝင် အခြားပါတီများမှ အမတ်များကို ရက် ၁၀၀ စီမံချက်အပါအဝင် အမတ်များနှင့်ပါ သက်ဆိုင်သည့် ဌာနဆိုင်ရာလုပ်ငန်း များအား အသိပေးဖိတ်ကြား ပူးပေါင်းဆောင်ရွက်ခြင်းလုံးဝမရှိကြောင်း ဒေသတွင်းပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

“ကြံ့ဖွံ့အမတ်တွေကို ဌာနဆိုင်ရာတွေက ဖိတ်တယ်။ရိုကျိုးတယ်။တခြားပါတီက အမတ်တွေကို တော့ လုံးဝအဖက်မလုပ်ဘူး။အုပ်ကြီးတစ်ယောက်လောက်တောင် လူရာသွင်းမခံရဘူး။ဒါဟာ ပြည် နယ်အစိုးရအဖွဲ့က နှုတ်မိန့်နဲ့ လျှို့ဝှက်ညွန်ကြားချက်ကြောင့်လို့ ထင်ပါတယ်”ဟု ၎င်းက MPAသို့ ပြောသည်။

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်အတွင်း ရက်၁၀၀စီမံချက် ဆောင်ရွက်နေသည်မှာ ၁၅ခန့်ရှိပြီဖြစ် သော်လည်း ဌာနဆိုင်ရာများက ဒေသခံလွှတ်တော်အမတ်များကို အသိပေးခြင်းမရှိကြောင်း သံဖြူ ဇရပ်မြို့နယ်၊ပြည်သူ့လွှတ်တော်အမတ် နိုင်သန်းရွှေက ပြောကြားသည်ဟု ဒေသတွင်းမီဒီယာ ရာမည အသံက မေ၆ရက်၌ ဖော်ပြထားသည်။

သံဖြူဇရပ်မြို့နယ်အတွင်းရှိ အမတ်များမှာ မွန်ညီညွတ်ရေးပါတီက ၃ဦးနှင့် ပြည်သူ့ရှေ့ဆောင်ပါ တီ က တစ်ဦးတို့ ဖြစ်သည်။

“တခြားပါတီက အမတ်တွေကို အဖက်မလုပ်ဖို့ ပြည်နယ်အစိုးရက နှုတ်မိန့်ပေးထားသလားဆိုတာ တော့ တကယ်မသိသေးဘူး။ဒါပေမဲ့၊သေချာပြောနိုင်တာတစ်ခုက ကျနော်တို့ ဌာနဆိုင်ရာဝန်ထမ်းဆို တာက အခုခေတ်စကားနဲ့ပြောရရင် Non CDM ပေါ့။ Non CDM ဆိုတာ ကြောက်တတ်တယ်။အမတ် တွေကို ညွှန်ကြားချက်မရှိဘဲ မဆက်ဆံဘူးဆိုတာမျိုး မလုပ်ရဲဘူး။နီးရာဓားကို ကြောက်ကြတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ကြံ့ဖွံ့များက ဒေသတွင်း ဒုတိယအများဆုံးအနိုင်ရခဲ့သည့် မွန်ညီညွတ်ရေးပါတီ ကို မုန်းတီးနေကြောင်း ၎င်းက ပြောသည်။

“မွန်ပါတီကို ကြံ့ဖွံ့တွေက သူတို့စားခွက် လုသွားတယ်ဆိုပြီး တော်တော်မုန်းနေတာတော့ သေချာ တယ်။မွန်ပါတီကလည်း စစ်တပ်မပြောနဲ့၊ကြံ့ဖွံ့ကိုတောင် မော်မကြည့်ရဲဘူး။အဲဒါကြောင့် ကြံ့ဖွံ့ လုပ် သမျှ ခံရမှာပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

မွန်ပြည်နယ် ၂၀၂၅တရားမဝင်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက ၂၁နေရာနှင့် မွန်ညီညွတ်ရေးပါတီက ၁၇ နေရာ အနိုင်ရရှိခဲ့သည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ မွန်ညီညွတ်ရေးပါတီအမတ်များကမူ ကမာကေးကျေးရွာ ရေစီးချောင်း ပြန်လည်ကောင်းမွန်ရေး၊ မူးရစ်ကလေးနှင့် ကော့ကဒိုက် ရေလမ်းကြောင်း ပျက်စီးနေမှု၊ ဒေါင်းရပ် အနောက်ရွာ တာပြိုမှု စသည်တို့ကို ကွင်းဆင်းလေ့လာခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ-ချောင်းဆုံ ဖေ့စ်ဘွတ်ခ်ပေ့ချ်၌ သတင်းဖော်ပြထားသည်။

“မွန်အမတ်တွေ အဲလို လိုက်ကွင်းဆင်းနေတယ်ဆိုတာက ဌာနဆိုင်ရာဖိတ်လို့ မဟုတ်ဘူး။မွန်ပါတီအ နွယ် ရွာသားတွေက လာပါဦးဆိုပြီး ခေါ်လို့ သွားကြတာ။ချောင်းဆုံဌာနဆိုင်ရာတွေကလည်း မွန်အ မတ်တွေကို အဖက်မလုပ်ဘူး။ဟိုကောင် ဇော်နိုင်ဝင်း(ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး)က အဆိုးဆုံး ပဲ”ဟု ချောင်းဆုံမြို့နယ်အတွင်းရှိ မွန်ညီညွတ်ရေးပါတီနှင့် နီးစပ်သူ အဝေးရောက်သက္ကောရွာသား တစ်ဦးက ပြောသည်။

ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးဇော်နိုင်ဝင်းမှာ ယခင်မွန်ပြည်နယ် တရားမဝင်ဝန်ကြီးချုပ် အောင် ကြည်သိန်းကို ကျောထောက်နောက်ခံပြုကာ အထူးလာဘ်စားကြမ်းခဲ့သူဖြစ်သည်။

“ပြောရမယ်ဆိုရင် မီဒီယာတွေက လောင်းကစားဝန်ကြီးချုပ်လို့ခေါ်တဲ့ ဦးအောင်ကြည်သိန်းက မွန်ပါ တီကို အငြိုးဆုံးပဲ။မွန်ပါတီကြောင့် သူ ဘဝပျက်ရပါတယ်ဆိုပြီး ငြိုးနေတာ”ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံးနှင့် နီးစပ်သူပြောသည်။

အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွင့်လင်းမြင်သာမှုမရှိသည့် သံသယဖြစ်ဖွယ် ကြိုတင်မဲဖြင့် အနိုင်ရခဲ့သည်။

မွန်ပြည်နယ်အတွင်း မွန်ညီညွတ်ရေးပါတီက ဒုတိယအများဆုံးအနိုင်ရခဲ့သည့်အပေါ် မွန်ပြည်နယ် ကြံ့ဖွံ့ဥက္ကဌလည်းဖြစ်သူ အောင်ကြည်သိန်း၏ စည်းရုံးရေးအားနည်းချက်ကြောင့်ဟုဆိုကာ ဝန်ကြီး ချုပ်အဖြစ်မှ ဖယ်ရှားခံရသည်ဟုလည်း သတင်းထွက်ပေါ်ခဲ့သည်။

မွန်ပြည်နယ်လွှတ်တော်တွင် ကြံ့ဖွံ့က ၁၁နေရာအနိုင်ရခဲ့ပြီး မွန်ညီညွတ်ရေးပါတီက ၇နေရာဖြင့် ဒုတိယအများဆုံးအနိုင်ရခဲ့သည်။