အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးတို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးရန် သဘောတူညီ

အာဆီယံအဖွဲ့အတွင်းမှ ငါးနှစ်ကြာ ဖယ်ကြဉ်ခံထားရသည့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအဖွဲ့အစည်းနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ကြိုးပမ်းလာရာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးရန် သဘောတူညီခဲ့ကြကြောင်း အာဆီယံအတွင်းရေးမှူးချုပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပလျက်ရှိသော အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံအတွင်းရေးမှူးချုပ် ကာအိုကင်ဟောင်က ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားရာတွင် ပြည်တွင်းစစ်ဒဏ် ခံစားနေရသည့် မြန်မာနိုင်ငံသည် အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သော အာဆီယံအဖွဲ့နှင့် ဆက်ဆံရေးပုံမှန်ပြန်ဖြစ်ရန် ဆန္ဒရှိနေကြောင်း ဖော်ပြခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများကမူ အကြမ်းဖက်မှု လျှော့ချရေး၊ ဆွေးနွေးပွဲများ ဖော်ဆောင်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ရရှိနိုင်ရေးတို့တွင် တိုးတက်မှုများ ရှိလာရန် လိုလားနေကြသည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခြင်းနှင့် ပြည်တွင်းစစ်မီး ကူးစက်လာခြင်းတို့ကြောင့် မြန်မာခေါင်းဆောင်များကို အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လတွင် အတိုက်အခံများ မပါဝင်နိုင်သည့် ရွေးကောက်ပွဲကျင်းပပြီးနောက် အာဏာသိမ်းခေါင်းဆောင်ဟောင်း မင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူသည့် အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာသော်လည်း အာဆီယံအနေဖြင့် အဆိုပါရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်း မရှိသေးပေ။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို သက်တမ်းတစ်နှစ်ထက် ပိုမိုတာဝန်ပေးအပ်နိုင်ရေး ကိစ္စရပ်နှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (Code of Conduct) ကို ယခုနှစ်အတွင်း အပြီးသတ်နိုင်ရေးအတွက်လည်း အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ဆွေးနွေးမှုများ တိုးတက်လျက်ရှိကြောင်း အတွင်းရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။