အမေရိကန်ရေတပ်မှ ဖျက်သင်္ဘော ၃ စီးသည် ဟော့မုဇ်ရေလက်ကြားတွင် ပစ်ခတ်ခံခဲ့ရသော်လည်း တိုက်ရိုက်ထိမှန်မှုတစ်စုံတစ်ရာမရှိဘဲ ဟော်မုဇ်ရေလက်ကြားကို “ပစ်ခတ်မှုများကြားမှ” အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး၊ အရေးပါသော အဆိုပါရေကြောင်းလမ်း ပိတ်ဆို့ရေးလုပ်ငန်းစဉ်တွင် ပြန်လည်ပူးပေါင်းသွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၇ ရက်နေ့တွင် ပြောကြားသည်။
အဆိုပါသင်္ဘောများသည် အီရန်၏ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်း ခံခဲ့ရသော်လည်း ၎င်းတို့၏ တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ထရမ့်က ဆိုသည်။
“ကမ္ဘာ့အဆင့်မီ အမေရိကန်ဖျက်သင်္ဘော ၃ စီးဟာ ပစ်ခတ်မှုတွေကြားကနေ ဟော်မုဇ်ရေလက်ကြားပြင်ပကို အလွန်အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဖျက်သင်္ဘော ၃ စီးစလုံး ထိခိုက်ပျက်စီးမှု မရှိခဲ့ပေမဲ့ အီရန်တိုက်ခိုက်သူတွေဘက်မှာတော့ အကြီးအကျယ် ပျက်စီးသွားပါတယ်။ သူတို့ရဲ့ တိုက်ခိုက်ရေးယာဉ်တွေနဲ့အတူ လှေငယ်အများအပြားကို အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပါတယ်” ဟု ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“ကျွန်တော်တို့ရဲ့ အံ့သြဖွယ်ကောင်းတဲ့ သင်္ဘောသားတွေပါတဲ့ ဖျက်သင်္ဘော ၃ စီးဟာ အခုဆိုရင် တကယ့်ကို ‘သံမဏိတံတိုင်း’ လို့ တင်စားရမယ့် ကျွန်တော်တို့ရဲ့ ရေကြောင်းပိတ်ဆို့ရေးတပ်ဖွဲ့ဆီ ပြန်လည်ပူးပေါင်းသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အမေရိကန်စစ်သင်္ဘောများသည် မေလ ၇ ရက်တွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် အိုမန်ပင်လယ်ကွေ့သို့ ဖြတ်သန်းစဉ် အီရန်ဘက်မှ “အကြောင်းမဲ့” တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားခဲ့ပြီး “မိမိကိုယ်ကို ခုခံကာကွယ်သည့် တိုက်ခိုက်မှုများ” ဖြင့် တုံ့ပြန်ခဲ့ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က အစောပိုင်းတွင် အတည်ပြုခဲ့သည်။
အမေရိကန်ရေတပ်မှ လမ်းညွှန်ဒုံးကျည်တင် ဖျက်သင်္ဘော ၃ စီး ရေလက်ကြားကို ဖြတ်သန်းစဉ် အမေရိကန်ပိုင်ဆိုင်မှုများ ထိမှန်ခြင်း မရှိခဲ့ကြောင်း သိရသည်။
“အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) သည် ဝင်ရောက်လာသည့် ခြိမ်းခြောက်မှုများကို ဖယ်ရှားခဲ့ပြီး၊ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်စခန်းများ၊ ကွပ်ကဲမှုနှင့် ထိန်းချုပ်ရေးဌာနများ၊ ထောက်လှမ်းရေးနှင့် ကင်းထောက်စခန်းများ အပါအဝင် အီရန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့နောက် ထရမ့်က ABC News နှင့် အင်တာဗျူးရာတွင် အီရန်နှင့် အပစ်အခတ်ရပ်စဲရေးမှာ ဆက်လက်တည်မြဲနေ ကြောင်း ပြောကြားခဲ့သည်။
