အာဆီယံက ကြားဝင်စေ့စပ်ပေးမှုဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်များအပေါ် သဘောတူညီမှုရရှိ

ဓာတ်ပုံ - Thai Enquirer

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံအကြား တင်းမာမှုများ လျော့ကျစေရန် ရည်ရွယ်၍ ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ရေးဆွဲရန် ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးများကို တာဝန်ပေးအပ်ရန် ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲအပြီး မေလ ၇ ရက်တွင် သဘောတူညီခဲ့ကြသည်။

ဆီဘူး မြို့တွင် ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲသို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရပ်ကူးလ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် အစည်းအဝေးကို စီစဉ်ပေးခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာတို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ဝန်ကြီးချုပ် အနုတင်က ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းသည့်အနေဖြင့် နှစ်နိုင်ငံအကြား တိုက်ရိုက်ဆက်သွယ်မှုများ တိုးမြှင့်ရန်နှင့် ချက်ချင်းပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများမှ စတင်လုပ်ဆောင်သွားရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ယခုတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ဆက်လက်ဆွေးနွေးသွားမည့် ကုန်းတွင်းနှင့် ရေပိုင်နက် နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။