ကိုလံဘီယာအဆိုတော် ရှာကီရာ၏ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်သော ‘Dai Dai’ ကို မေလ ၇ ရက်က စတင်မိတ်ဆက်လိုက်သည်။
ရှာကီရာက နိုင်ဂျီးရီးယားအဆိုတော် Burna Boy နှင့် အတူသီဆိုထားသည့် အဆိုပါသီချင်းကို နမူနာပြသသည့်အနေဖြင့် ဘရာဇီးနိုင်ငံရှိ Maracana အားကစားကွင်း၌ ရိုက်ကူးထားသော ဗီဒီယိုတစ်ခုကို သူမ၏ Instagram ၌ တင်ခဲ့သည်။
အဆိုပါဗီဒီယိုတွင် ရှာကီရာကို ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ မက္ကဆီကို၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းအသီးသီး၏ အရောင်များကို ဝတ်ဆင်ထားသည့် ကချေသည်များနှင့်အတူ တွေ့မြင်ရမည်ဖြစ်သည်။
ထို့အပြင် အဆိုပါ ဗီဒီယိုတွင် ၂၀၀၆၊ ၂၀၁၀ နှင့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲသုံး တရားဝင်ဘောလုံးများကိုလည်း ထည့်သွင်းပြသထားရာ၊ ၎င်းမှာ ရှာကီရာကိုယ်တိုင် ဂီတကဏ္ဍတွင် အထူးထင်ရှားခဲ့သည့် ယခင်ပြိုင်ပွဲများကို ရည်ညွှန်းထားခြင်းဖြစ်ကြောင်း သိရသည်။
သူသည် ၂၀၁၀ ခုနှစ် တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲ၏ တရားဝင်သီချင်းဖြစ်သော Waka Waka (This Time for Africa) ကိုလည်း သီဆိုခဲ့သူဖြစ်သည်။
ထို့အပြင် ၂၀၀၆ ခုနှစ် ဂျာမနီကမ္ဘာ့ဖလားနှင့် ၂၀၁၄ ခုနှစ် ဘရာဇီးကမ္ဘာ့ဖလား အခမ်းအနားများတွင်လည်း သူမ၏ နာမည်ကြီးသီချင်းများဖြစ်သည့် Hips Don’t Lie နှင့် La La La (Brazil 2014) တို့ကို ဖျော်ဖြေခဲ့ဖူးသည်။
