မြောက်ဥက္ကလာတွင် ဓားပြတိုက်ခဲ့သူ သုံးဦးကို PDF ဟု ပြောဆိုထားသည့် သတင်းအမှား

ရန်ကုန် မြောက်ဥက္ကလာမြို့နယ်တွင် ဓားပြတိုက်ခဲ့သူ သုံးဦးကို PDF ဟူ၍ စွပ်စွဲပြောဆိုထားသော အကြောင်းအရာများ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“မှိုင်းဝေ” နှင့် “ဖိုးမောင်” တယ်လီဂရမ်ချန်နယ်တို့က ၂၀၂၆ မေ ၇ ရက် ည ၇ နာရီ ၄၀ မိနစ်တွင် ရန်ကုန် တိုင်း၊ မြောက်ဥက္ကလာ မြို့နယ်၊ ၂ ရပ်ကွက်တွင် ဓားပြတိုက်နေသည့် PDF သုံးဦးကို ရပ်ကွက်နေပြည်သူ များက ဝိုင်းဝန်းဖမ်းဆီး ရမိခဲ့ကြောင်း၊ PDF များ ပေါ်လာပြီးနောက်ပိုင်း ဓားပြတိုက်မှုများ ဖြစ်ပွားလာ နေကြောင်း ဓာတ်ပုံများနှင့် တကွ ဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ်
မှိုင်းဝေ – https://archive.ph/fsNvO
ဖိုးမောင် – https://archive.ph/tj7Jb

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “Voice of Myanmar” က ဖော်ပြထား သော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။

Voice of Myanmar တွင် မေလ ၇ ရက်က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ ၂ ရပ်ကွက်၊ သုဇိတာ ၇ လမ်းတွင် ရှိသည့် ဗေဒင်ဆရာ နေအိမ်ကို သေနတ်ကိုင်ဆောင်ထားသည့် လူသုံးဦးက ဓားပြဝင်တိုက်ခဲ့ ကြောင်း၊ ကျူးလွန်သူများကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း၊ လက်ရှိတွင် ကျူး လွန်သူ သုံးဦးကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/xRSoP

အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “မြောက်ဥက္ကလာ ဓားပြတိုက်သူများ ဖမ်းမိ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “CJ Platform, BBC, DVB” အပါအဝင် မီဒီယာများက သတင်းဖော်ပြထားသည်။

သတင်းမီဒီယာများတွင် မေလ ၇ ရက် နေ့လည် ၁ နာရီခွဲ အချိန်တွင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့ နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ သေနတ်ကိုင်ဆောင်ထား သည့် အမျိုးသားသုံးဦးက ဓားပြဝင်တိုက်ရာ အဆိုပါနေအိမ်က အော်ဟစ်အကူအညီတောင်းတာကြောင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကျူးလွန်သူ သုံးဦးကို အမှုဖွင့် အရေးယူထားကြောင်း၊ ဓားပြတိုက်သူများမှာ ညောင်တုန်း၊ ပွင့်ဖြူ၊ နွားထိုးကြီးမြို့နယ်တို့က ဖြစ်သည်ဟု ကနဦးသတင်းများတွင် ဖော်ပြထားကြောင်း ရေးသားထားသည်။

အပြည့်အစုံကြည့်ရန် >>>
CJ Platform – https://bitly.cx/qVtx
BBC – https://bitly.cx/jEZMr
DVB – https://bitly.cx/hV0a

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ ၂ ရပ်ကွက်ရှိ ဗေဒင်ဆရာတစ်ဦး ၏ နေအိမ် ကို ဝင်ရောက်ဓားပြတိုက်ခဲ့သူ သုံးဦးကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဓားပြတိုက်သူများကို PDF များဖြစ်သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြထားခြင်း မတွေ့ရပေ။

ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက “မြောက်ဥက္ကလာတွင် PDF သုံးဦးက ဓားပြတိုက်” ဟု ဖြန့်ဝေနေခြင်းသည် အပုပ်ချတိုက်ခိုက်ထားသော သတင်းအမှားဖြစ်သည်။

အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် မေလ ၈ ရက် ညနေပိုင်းအထိ စစ်ဆေးတွေ့ရှိထား သော သက်သေပြအချက်အလက်များ ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။