ထိုင်ဝမ်လွှတ်တော်တွင် လပေါင်းများစွာ နိုင်ငံရေးအရ အငြင်းပွားခဲ့ကြပြီးနောက် ဒေါ်လာ ၂၅ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို ယနေ့ မေလ ၈ ရက်နေ့တွင် အတည်ပြုလိုက်သည်။
အဆိုပါ ဘတ်ဂျက်ကို အမေရိကန်လက်နက်များ ဝယ်ယူရန်အတွက် အသုံးပြုသွားမည်ဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းအပေါ် နောက်ဆုံးအဆင့် မဲခွဲဆုံးဖြတ်ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက ရလဒ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏမှာ အစိုးရက အဆိုပြုထားသည့် ဒေါ်လာ ဘီလီယံ ၄၀ နီးပါးရှိသော ဘတ်ဂျက်ထက် များစွာလျော့နည်းနေ သည်။
ခြိမ်းခြောက်နေသည့် တရုတ်နိုင်ငံ၏ တိုက်ခိုက်လာနိုင်ခြေအပေါ် ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရန်အတွက် မည်မျှအသုံးချသင့်သည်ဟူသော အချက်အပေါ် ထိုင်ဝမ်လွှတ်တော်အမတ်များအကြား အချေအတင် ဖြစ်ပွားခဲ့ခြင်းကြောင့် ဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုရန် ကြန့်ကြာခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို လိုလားသည့် တိုင်ဝမ်၏ အကြီးဆုံးအတိုက်အခံပါတီဖြစ်သော ကူမင်တန် (KMT) နှင့် တိုင်ဝမ်ပြည်သူ့ပါတီ (TPP) တို့က ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ် အဆိုပြုချက်ကို အမေရိကန်လက်နက်များ ဝယ်ယူရန်အတွက်သာ ထိုင်ဝမ်ဒေါ်လာ ၇၈၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံနီးပါး) အထိ တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ယနေ့ ကြေညာခဲ့သည်။
KMT နှင့် TPP တို့သည် အမတ်နေရာ ၁၁၃ နေရာရှိသော တိုင်ဝမ်လွှတ်တော်ကို ထိန်းချုပ်ထားသည်။ မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်အမတ် ၁၀၇ ဦးသာ တက်ရောက်ခဲ့ပြီး ၅၉ ဦးက ထောက်ခံမဲပေးခဲ့ခြင်းကြောင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
သမ္မတ လိုင်ချင်းတယ် ၏ အစိုးရကမူ အမေရိကန်လက်နက်များအပြင် ထိုင်ဝမ်လုပ် ဒရုန်းများနှင့် အခြားလက်နက်များ ဝယ်ယူရန်အတွက် ထိုင်ဝမ်ဒေါ်လာ ၁.၂၅ ထရီလီယံ အသုံးပြုရန် အဆိုပြုထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အထူးရန်ပုံငွေကို ၈ နှစ်တာကာလအတွင်း ခွဲဝေအသုံးပြုသွားမည်ဖြစ်ပြီး ယင်းမှာ အစိုးရ၏ နှစ်စဉ်ဘတ်ဂျက်တွင် ပါဝင်သော ပုံမှန်ကာကွယ်ရေးအသုံးစရိတ်အပြင် ထပ်ဆောင်းအသုံးပြုမည့် ရန်ပုံငွေလည်း ဖြစ်သည်။
တိုင်ဝမ်က အမေရိကန်မှ ဝယ်ယူရန် ပြင်ဆင်ထားသည့် လက်နက်များမှာ M109A7 အမြောက်များ၊ Javelin တင့်ဖျက်ဒုံးကျည်များ၊ TOW 2B ဒုံးကျည်များနှင့် HIMARS ဒုံးပစ်စင်များ ဖြစ်ကြပြီး တန်ဖိုးအား ဖြင့် ဒေါ်လာ ၉ ဘီလီယံနီးပါးဖိုး ရှိနိုင်သည်။
အမေရိကန်ကလည်း ထိုင်ဝမ်ကို ဒေါ်လာ ၁၁.၁ ဘီလီယံတန်ဖိုးရှိ လက်နက်များ ရောင်းပေးမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလက ကြေညာခဲ့သည်။
KMT ပါတီအနေဖြင့် “Patriot ဒုံးကျည်များ၊ Hellfire ဒုံးကျည်များနှင့် ဒရုန်းဖျက် ကာကွယ်ရေးစနစ်များ” ပါဝင်မည့် ဒေါ်လာ ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ဒုတိယအဆင့် လက်နက်ဝယ်ယူမှုများကိုလည်း “အပြည့်အဝ ထောက်ခံရန် ဆန္ဒရှိသည်” ဟု ပါတီ၏ လွှတ်တော်အစုအဖွဲ့ခေါင်းဆောင် ဖုကွန်ချီ က မဲမခွဲမီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယခု မဲခွဲအတည်ပြုမှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ ရောက်ရှိပြီး သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ရှီကျင့်ဖျင်ကမူ ထိုင်ဝမ်သို့ လက်နက်များ ထပ်မံမပေးရန် အမေရိကန်ကို သတိပေးထားသည်။
