မော်လူးမြို့တွင် စစ်သားများ မူးယစ်ရမ်းကားနေ

စစ်ကိုင်းတိုင်း ၊ မော်လူးမြို့တွင် စစ်သားများ မူးယစ်ရမ်းကားနေကြောင်း သိရသည်။

မေလ ၅ ရက်တွင် မော်လူးမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီး‌နောက် မြို့တွင်း၌ စစ်သားအင်အား ၅၀ ခန့် တပ်စွဲထားပြီး မူးယစ် ရမ်းကားလျက်ရှိရာ မေလ ၇ ရက် ညနေ၌ အရက်သောက်နေသည့် အမျိုးသား ၃ ဦးအား စစ်သားများက ဖမ်းဆီးကာ လက်ပြန်ကြိုးတုပ် ရိုက်နှက်၍ မြေပေါ်မှောက်ထားခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“သေနတ်တွေ ရမ်းဖောက်တာတော့ မကြားမိဘူး။ သောက်စား မူးယစ်တယ်။ သူများဆိုင်ကယ် တွေငှားတယ်။ အမြဲတမ်း မူးယစ်နေတော့ မိန်းကလေးငယ်တွေအတွက်ကို တစ်ချက် စိုးရိမ်ရ တာပေါ့နော်။ နောက်ပြီးကျတော့ ရိုက်နှက်တာရှိတယ်။ သူတို့နဲ့ အတူထိုင်နေရင်းမဟုတ်ဘူးဗျ။ အဲဒီအမျိုးသား ၃ ယောက်က အရက်သောက်နေတဲ့အိမ်ထဲမှာ စစ်သားတွေက ဈေးလာဝယ်တာ။ ဈေးလာဝယ်ရင်းနဲ့မှ သူတို့ဘာတွေပြောမိလဲတော့ မပြောတတ်ဘူးပေါ့နော်။ အဲဒီလိုမျိုး ဖမ်းပြီးတော့ ရိုက်ခံရတာတဲ့။ ဒါပေမဲ့၊ စစ်သားတွေ အမူးပြေတဲ့အချိန်မှာတော့ အဲဒီလူတွေကို ပြန်လွှတ်ပေး ခဲ့တယ်။ ည‌ပိုင်းမှာပဲပေါ့လေ”ဟု ၎င်းက MPA သို့ပြောသည်။

ထို့အပြင် မော်လူးမြို့တွင်းရှိ ပြည်သူများကို ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ အပြင်ထွက်ခွင့် ပိတ်ထားကြောင်း သိရသည်။

“မော်လူးထဲမှာ ပြည်သူတွေမရှိဘူးဗျ။ မရှိဘူးဆိုတာ ကျန်ခဲ့တဲ့ ပြည်သူတွေလည်း ကျန်ခဲ့တယ်ပေါ့ နော်။ စစ်သားတွေက ဘာမှမလုပ်ဘူးဆိုပြီးတော့ ပြန်ဝင်ကြတဲ့သူတွေလည်း ရှိတယ်ပေါ့နော်”ဟု ၎င်းက ဆက်လက်ပြောသည်။

မော်လူးမြို့တွင်းသို့ ပြည်သူများ ဝင်လိုက်ထွက်လိုက် ပြုလုပ်နေသဖြင့် ပြည်သူမည်မျှ ရှိနေသည်ကို ခန့်မှန်းရခက်ကြောင်း ၎င်းက ပြောသည်။

ရွှေဘို-မြစ်ကြီးနားလမ်းတလျှောက်ရှိ အင်းတော်မြို့ ၊ နဘား ၊ စီပိန်း ၊ မော်လူးမြို့နှင့် ကချင်ပြည် နယ် ၊ မိုးညှင်းမြို့နယ် ၊ နန့်စီးအောင်တို့တွင် စစ်တပ်က အထိုင်ချ တပ်စွဲထားကြောင်း သိရသည်။

“မော်လူးမြို့ရဲ့ နေရာစုံမှာတော့ တပ်စွဲထားတယ်တဲ့။ ပြီးတော့ မော်လူးမှာ နောက်ချန်အင်အားထား ပြီးတော့ မော်လူး‌မြို့ရဲ့အထက် နန့်စီးအောင်ဘက်မှာလည်း ကချင်ပြည်နယ်ဘက်က ထွက်လာတဲ့စစ် ကြောင်းနဲ့ မော်လူးဘက်ကနေ နောက်ချန်အင်အားထားပြီး ထွက်သွားတဲ့စစ်ကြောင်းနဲ့ ပေါင်းဆုံပြီး တော့ ‌နန့်စီးအောင်ဘက်မှာလည်း စစ်ကြောင်းထိုင်နေတယ်ပေါ့လေ”ဟု ၎င်းက ပြောသည်။

မော်လူးမြို့ထဲရှိ စစ်သားများသည် အမြဲတစေ သောက်စားမူးယစ်နေသဖြင့် မိန်းကလေးငယ်များ အနေဖြင့် စစ်သားများနှင့် ဝေးဝေး နေကြရန် Indaw Revolution-IR က သတိပေးထားသည်။