ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့မှ အရှေ့ဘက် ၂၂၇ ကီလိုမီတာအကွာရှိ ဖိစနုလုခ် ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၄၅ ဦးကို ၎င်းတို့စီးနင်းလိုက်ပါလာသည့် ကား ၁၀ စီးနှင့်အတူ ထိုင်းအာဏာပိုင်များက မေလ ၈ ရက် တွင် ဖမ်းမိခဲ့သည်။
ဖမ်းဆီးရမိသူအားလုံးမှာ အသက် ၁၈ နှစ်မှ ၂၃ နှစ်ကြား မြန်မာနိုင်ငံသားများဖြစ်ပြီး မယ်ဆိုင်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာကာ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များ ကိုင်ဆောင်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ အလယ်ပိုင်းသို့ ဦးတည်မည့် အလုပ်သမားမှောင်ခိုယာဉ်တန်းများသည် ဖိစနုလုခ် ပြည်နယ်ကို ဖြတ်သန်း၍ အမှတ် (၁၁) အဝေးပြေးလမ်းမကြီးအတိုင်း သွားလာမည်ဖြစ်ကြောင်း သတင်းရရှိခဲ့သဖြင့် မေလ ၈ ရက် အရုဏ်တက်အချိန်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၄) အဝေးပြေးရဲတပ်ဖွဲ့ခွဲမှူး ရဲမှူးကြီး ဆာတစ် စမန်ဖပ်က ပြောကြားသည်။
ယင်းသို့ စောင့်ဆိုင်းနေချိန်တွင် ရှေ့ဆုံးမှလာသည့် ကားသည် စစ်ဆေးရေးဂိတ်ကို တွေ့ရှိသွားသောအခါ ယာဉ်တန်းမှာ ရုတ်တရက် လမ်းကြောင်းပြောင်း၍ ထွက်ပြေးခဲ့သဖြင့် ဖရုံဖီယမ်ခရိုင်အတွင်း လိုက်လံဖမ်းဆီးမှုများ ဖြစ်ပွားခဲ့သည်။
ယာဉ်တန်းမှ အချို့ကားများသည် လမ်းခွဲထွက်ပြေးသွားသလို အချို့သော အလုပ်သမားများမှာလည်း ကားပေါ်မှဆင်း၍ အနီးနားရှိ တောအုပ်များနှင့် လယ်ကွင်းများအတွင်းသို့ ခြေကျင်ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသဖြင့် အဝေးပြေးရဲ၊ နယ်ခြားစောင့်ရဲ၊ စစ်ဘက်သတင်းပေးယူနစ်များနှင့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ လူမှောင်ခိုတင်ဆောင်လာသည့် နောက်ထပ်ယာဉ်များသည် ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်ခရိုင်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ဖိစနုလုခ်ကို ကြားစခန်းအဖြစ် အသုံးပြုကာ ဘန်ကောက်နှင့် ထိုင်းအလယ်ပိုင်းရှိ အခြားပြည်နယ်များသို့ ပို့ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
နံနက် ၈ နာရီခန့်တွင် အလုပ်သမား ၁၁၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်ရှာဖွေရာ နံနက်ခင်းအလယ်ပိုင်းတွင် ဖမ်းဆီးရမိသူ စုစုပေါင်း ၁၄၅ ဦးအထိ ရှိလာခဲ့သည်။
၎င်းတို့အားလုံးကို စစ်ဆေးမေးမြန်းရန်နှင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်အတွက် ဖရုံဖီယမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။
အာဏာပိုင်များသည် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် ၁၀ စီးကို သိမ်းဆည်းခဲ့ရာ အများစုမှာ ချင်းရိုင်လိုင်စင်များဖြစ်ပြီး အချို့မှာ Phayao နှင့် Buri Ram ပြည်နယ်များတွင် မှတ်ပုံတင်ထားခြင်း ဖြစ်သည်။
ယာဉ်မောင်းအားလုံးမှာလည်း မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။
လူမှောင်ခိုသမားအချို့က ၎င်းတို့အနေဖြင့် အလုပ်သမားတစ်ဦးလျှင် ဘတ် ၂၀,၀၀၀ ခန့် ရရှိကြောင်း ဝန်ခံခဲ့သော်လည်း အချို့ကမူ ၎င်းတို့မှာ မယ်ဆိုင်မှ ဖိစနုလုခ်အထိ ကားမောင်းပေးရန်သာ ငှားရမ်းခံရခြင်းဖြစ်ပြီး ကြီးမားသည့် လူမှောင်ခိုဂိုဏ်းအကြောင်း မသိရှိကြောင်း ငြင်းဆိုခဲ့ကြသည်။
အဆိုပါ အလုပ်သမားများသည် ဖိစနုလုခ်တွင် ယာယီတည်းခိုနေထိုင်ရန် ဖြစ်ပြီးနောက် ပွဲစားများက GPS တည်နေရာများ ပေးပို့လာမှသာ ဘန်ကောက်နှင့် အလယ်ပိုင်းပြည်နယ်များသို့ ဆက်လက်ပို့ဆောင်မည် ဖြစ်သည်။
ရဲတပ်ဖွဲ့၏ မှုခင်းရှာဖွေရေး အရာရှိများသည် ယာဉ်မောင်းများထံမှ သိမ်းဆည်းရမိသည့် လက်ကိုင်ဖုန်းများကို စစ်ဆေးနေပြီး ငွေကြေးစီးဆင်းမှု၊ နောက်ဆုံးသွားမည့်နေရာများနှင့် ဖိစနုလုခ်ကို အချက်အချာထား၍ လှုပ်ရှားနေသည့် အဆိုပါ လူမှောင်ခိုဂိုဏ်းကြီးကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေသည်။
ဖိစနုလုခ် အုပ်ချုပ်ရေးမှူး ကီယတ်တီဆက် ထရုန်းစီရီ က စုံစမ်းစစ်ဆေးမှုများ မပြီးသေးသဖြင့် အလုပ်သမား ၁၄၅ ဦးလုံးကို လူဦးရေအများအပြား ထားရှိနိုင်သည့် ဖရုံဖီယမ်ခရိုင် ညှိနှိုင်းရေးစင်တာသို့ ပို့ဆောင်ထားမည်ဖြစ်ကြောင်း သိရသည်။
၎င်းတို့အတွက် စနစ်တကျရှိစေရန်နှင့် အစားအသောက်၊ လိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကာ စနေနေ့တွင် တရားရုံးသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဖမ်းဆီးခံရသူများသည် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုခံရမည်ဖြစ်ပြီး ဘတ် ၂၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ပါသည်။
