ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအပြင် ခေါင်းဆောင်တစ်ဦးအနေနှင့် ဆောင်ရွက်နိုင်ခွင့် ရရန်လည်း လိုဟု အာဆီယံဥက္ကဌဆို

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအပြင် ခေါင်းဆောင်တစ်ဦးအနေနှင့် ဆောင်ရွက်နိုင်ခွင့် ရရန်လည်း လိုကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတမားကို့စ်က ပြောကြားလိုက်သည်။

ယနေ့(မေ၈ရက်)ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေးအတွက် နေပြည်တော်သို့ တောင်းဆိုထားမှုမှာ တိုးတက်မှု မရှိသေးကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် အာဆီယံအနေနှင့် နေပြည်တော်နှင့် ညှိနှိုင်းနေသည့် အဓိကအချက်ဖြစ်ကြောင်းလည်း ဖိလစ်ပိုင်သမ္မတ မားကို့စ်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ကိုင်သလဲဆိုတာ အရေးကြီးတယ်”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဆောင်ရွက်ချက်များသည် အာဆီယံ၏ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိမှာဖြစ်ကြောင်းလည်း ဆိုသည်။

မြန်မာနိုင်ငံတွင် အာဆီယံဘုံသဘောတူညီချက်၅ရပ်နှင့် ပတ်သက်ပြီး သိသာထင်ရှားသည့် အပြောင်း အလဲမျိုး မတွေ့ရသေးဟုပြောသည်။