ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် မေလ၉ ရက်၌ ကျင်းပမည့် ရုရှား၏ ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားသို့ မတက်ရောက်ကြရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှား၏ မဟာမိတ်နိုင်ငံများကို သတိပေးထားသည်။
ရုရှားက မေလ ၈ ရက်မှ ၁၀ ရက်အထိ အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ် ကြေညာခဲ့ပြီးနောက်၊ ယူကရိန်းကလည်း မေလ ၆ ရက်တွင် စတင်မည့် တုံ့ပြန်အပစ်ရပ်မှုကို လုပ်ဆောင်ခဲ့သည်။
သို့သော် ရုရှားက တိုက်ခိုက်မှုအသစ်များ ထပ်မံပြုလုပ်ခဲ့သည်ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။
“သူတို့က တစ်နှစ်မှာ တစ်ကြိမ်၊ တစ်နာရီစာလောက် ရင်ပြင်ပေါ်မှာ ဘေးကင်းကင်းနဲ့ ထွက်နိုင်ဖို့အတွက် ယူကရိန်းဆီကနေ စစ်ရေးပြခွင့် တောင်းချင်နေတာပါ။ အဲဒီနောက်မှာတော့ သူတို့က လူသတ်တာကို ဆက်လုပ်ဦးမှာပဲ” ဟု ဇလန်းစကီးက ဆိုသည်။
နာဇီဂျာမနီအပေါ် ရုရှား၏ အောင်ပွဲကို ဂုဏ်ပြုသည့် မေလ ၉ ရက် စစ်ရေးပြအခမ်းအနားသည် သမ္မတ ဗလာဒီမာ ပူတင်အတွက် အရေးအကြီးဆုံး မျိုးချစ်စိတ်ဓာတ်ဆိုင်ရာ အခမ်းအနားများထဲမှ တစ်ခုဖြစ်သည်။
“ရုရှားနဲ့ နီးစပ်တဲ့ နိုင်ငံတချို့ဆီကနေ သူတို့ရဲ့ ကိုယ်စားလှယ်တွေ မော်စကိုမှာ ရှိနေဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ သတင်းစကားတွေ ကျွန်တော်တို့ ရရှိထားပါတယ်” ဟု ဇလန်းစကီးက ကိဗ်မြို့လယ်မှ ပုံမှန် ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ဒီလိုရက်မျိုးမှာ… ထူးဆန်းတဲ့ ဆန္ဒတစ်ခုပါပဲ။ ကျွန်တော်တို့ဘက်ကတော့ မတက်ရောက်ဖို့ အကြံပြုချင်ပါတယ်”
ယူကရိန်းသည် ၎င်း၏ အဝေးပစ် ဒရုန်းနှင့် ဒုံးကျည်စွမ်းရည်များကို တိုးမြှင့်လာသောကြောင့် ဖြစ်ပေါ်လာနိုင်သည့် ယူကရိန်း၏ တိုက်ခိုက်မှုများအပေါ် စိုးရိမ်မိကြောင်း ရုရှားအာဏာပိုင်များက ပြော သည်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က “ရှုပ်ထွေးလှသော စစ်ဆင်ရေးအခြေအနေ” ကြောင့် ထပ်ဆောင်း လုံခြုံရေးအစီအမံများကို လုပ်ဆောင်နေကြောင်း မေလ ၇ ရက်တွင် ပြောကြား သည်။
“နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ အဓိက ဦးစားပေးဖြစ်တာကြောင့် အခုလို လုပ်ဆောင်ချက်တွေဟာ လိုအပ်ပါတယ်” ဟု ပက်စကော့ဗ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့အပြင် မေလ ၉ ရက်နေ့တွင် ရုရှားမြို့တော်၌ မိုဘိုင်းအင်တာနက် အသုံးပြုမှုနှင့် စာတိုပေးပို့ခြင်း ဝန်ဆောင်မှုအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အစိုးရမီဒီယာများက ဖော်ပြခဲ့ကြသည်။
