စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု အန္တရာယ်ရန်စွယ်များကို ရှောင်တိမ်းရန် သက်ကြီးရွယ်အိုများပင် လျှင် မွေးရပ်မြေအား စွန့်ခွာခဲ့ရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် မေလ၈ရက်က ကျင်းပသည့် ဒုတိယအကြိမ် အပြည်ပြည် ဆိုင်ရာရွှေ့ပြောင်းနေထိုင်ခြင်း ပြန်လည်သုံးသပ်မှုဖိုရမ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့သလို မတရားစစ်အာဏာသိမ်းမှုဖြစ်ပွားချိန်တွင် မတရားစစ်အာဏာသိမ်းခြင်းနှင့် စစ်အာ ဏာရှင်အား ဆန့်ကျင်ခဲ့ပြီး ပြည်သူများနှင့်အတူ ရပ်တည်ခဲ့သည့် မိမိ၏ရပ်တည်ချက်ကြောင့် မိမိ၏ အသက် ၈၀ ကျော်အရွယ်ရှိ မိဘများ၊ မိမိ၏ မောင်နှမသားချင်းများနှင့် ၎င်းတို့၏ သားသမီးများ သည်လည်း မြန်မာနိုင်ငံမှ မဖြစ်မနေ စွန့်ခွာခဲ့ရကြောင်းလည်း ဆိုသည်။
ယနေ့အချိန်အထိ နေရပ်စွန့်ခွာသူ ၃ဒဿမ၆ သန်းကျော်ရှိပြီး ၁ဒဿမ၃ သန်းကျော်မှာ နယ်စပ်ဒေ သများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နေရပ်စွန့်ခွာသူများထဲတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လူငယ်လူရွယ်မြောက်မြားစွာရှိကြောင်းလည်း ဆိုသည်။
“၂ပိုင်းပေါ့နော်။တစ်ပိုင်းက ပြည်တွင်းနေရပ်စွန့်ခွာ။တချို့က ယာယီစစ်ရှောင်၊တချို့ကျတော့ အမြဲ တမ်းစစ်ရှောင်တွေ။အဲဒီ၂မျိုးစလုံးက နိုင်ငံတကာရဲ့ လူသားစာနာအကူအညီရတာ တော်တော်နည်း တယ်။နောက်တစ်ပိုင်းက ပြည်ပနေရပ်စွန့်ခွာ။အိန္ဒိယဘက် ရောက်တဲ့သူတွေရဲ့ အခြေအနေကို သေချာမသိရပေမဲ့ ထိုင်းနယ်စပ်ရောက်နေတဲ့ မြန်မာတွေကတော့ ကုလသမဂ္ဂရဲ့ ပံ့ပိုးမှု ဘာမှ မရကြ ဘူးလို့ သိရတယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ယခင်က မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်ခြင်းက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြု သဘော အားဖြည့်ပေးသည့် သဘောသဘာဝရှိခဲ့ကြောင်း မတရားစစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့် အချိန်မှစ၍ အဆိုပါရေစီးကြောင်းမှာ ဆိုးဆိုးရွားရွား ပြောင်းလဲခဲ့ကာ ယခုအခါ မြန်မာနိုင်ငံအတွက် ရွှေ့ပြောင်းနေထိုင်မှုသည် စီးပွားရေး အခွင့်အလမ်းအစား ရှင်သန်ရပ်တည်ရေး တိုက်ပွဲတစ်ခု ဖြစ် လာခဲ့ကြောင်း စစ်တပ်၏ ညှာတာမှုကင်းမဲ့သော စစ်မက်များ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အဓမ္မတပ်သား စုဆောင်းခြင်းတို့ကြောင့် လူအစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာခဲ့ရကြောင်း သံအမတ်ကြီးက ပြောသည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသည့် မြန်မာပြည်သူများ၊ အထူးသဖြင့် လူငယ်များအနေဖြင့် မွေးရပ်မြေသို့ ပြန်လာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အားဖြည့်လုပ်ဆောင်ခဲ့ကြကြောင်း၊ သို့သော် ၂၀၂၁ ခုနှစ် မတရား စစ်အာဏာသိမ်းမှုကြောင့် ၎င်းတို့ မြန်မာနိုင်ငံကို ထပ်မံ စွန့်ခွာခဲ့ရကြောင်းလည်း ပြော သည်။
ဆက်လက်ပြီး သံအမတ်ကြီးက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေပြီး စစ်တပ်၏ ပြစ်ဒဏ် ကင်းလွတ်ခွင့်အား အဆုံးသတ်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်မှသာလျှင် ပြည်သူများ မွေးရပ်မြေသို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်နှင့် သိက္ခာရှိစွာ ပြန်နိုင်မည်ဖြစ် ကြောင်း၊ သို့မှသာ မြန်မာပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရမှုများ ရပ်တန့်မည် ဖြစ်ကြောင်း ဆိုသည်။
