အာဆီယံတွင် မင်းအောင်လှိုင် လူရာသွင်းမခံရ၍ အရှက်ရခြင်းကို ပတ္တမြားနှင့် ဖုံးဖိဟုဆို

ဓာတ်ပုံ-MOI
ပုံစာ- အစိုးရတုအဖွဲ့ ပတ္တမြားကြည့်နေပုံ။

အာဆီယံထိပ်သီးအစည်းအဝေးသို့ သမ္မတတုမင်းအောင်လှိုင် တက်ရောက်ခွင့်မရသဖြင့် အရှက်ရ ခြင်းကို ပတ္တမြားနှင့် ဖုံးဖိရန် ကြိုးစားကြည့်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တစ်ဦးက ဆိုသည်။

မင်း အောင်လှိုင် တက်ရောက်ခွင့် မရသော အာဆီယံထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊စီဘူး မြို့တွင် မေ၈ရက်တွင် ကျင်းပခဲ့ရာ ယင်းနေ့မှာပင် အရွယ်အစားကြီးမားသည့် ပတ္တမြားတစ်ပွင့် ရှာ ဖွေတွေ့ရှိခဲ့ကြောင်းနှင့် ယင်းပတ္တမြားကို သမ္မတရုံး၌ အစိုးရတုအဖွဲ့ ထိပ်သီးများ ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းထုတ်ပြန်ခဲ့သည့်အပေါ် ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြုသည်။

“အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရပေမဲ့ တရားမဝင်ရွေးကောက်ခံသမ္မတကြီးမင်းအောင် လှိုင်ဟာ မင်းကောင်းမင်းမြတ်ဖြစ်တာကြောင့် ရှာမှရှားတဲ့ ပတ္တမြားကြီး ရရှိခဲ့တာလို့ ပဒေသရာဇ် ခေတ်အတွေးအခေါ်နဲ့ ဖုံးဖိကြည့်တာပါ”ဟု ၎င်းက ပြောသည်။

၁၉၉၆ခုနှစ်က ရရှိခဲ့သော ပတ္တမြားသည် အလေးချိန်အများဆုံးဖြစ်သော်လည်း ယခုနောက်ဆုံးတွေ့ရှိ ခဲ့သည့် ပတ္တမြားက အရောင်နှင့် အရည်အသွေးပိုမိုကောင်းမွန်ပြီး တန်ဖိုးပိုကြီးကြောင်း အစိုးရတုမီဒီ ယာများက ထုတ်ပြန်သည်။

မဲဆောက်အခြေစိုက် ၂၀၂၀ရွေးကောက်ခံလွှတ်တော်အမတ်တစ်ဦးက “မင်းအောင်လှိုင်က သူ့ဆရာ သန်းရွှေထက် ပိုပြီးတော့ ဘုန်းကြီးတဲ့သဘော ပြောချင်ပုံရတယ်။အဲဒီသတင်းဖတ်မိတော့ စိုင်းစိုင်း ခမ်းလှိုင်သီချင်းထင်တယ်။မင်းစော်ထက် ငါ့စော်က ပိုမိုက်တယ်ဆိုလား။အဲဒီ သီချင်းသတိရမိ တယ်”ဟု ပြောသည်။

ရှားပါးပြီး တန်ဖိုးရှိသည့် ပတ္တမြားများကို ၁၉၉၀၊ ၁၉၉၆၊၂၀၂၂နှင့် ယခု၂၀၂၆တို့တွင် မိုးကုတ်ဒေသမှ ရရှိခဲ့ကြောင်း အစိုးရတုက ထုတ်ပြန်သည်။