အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် မေလ ၉ ရက်မှ ၁၁ ရက်အထိ ကြာမြင့်မည့် ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြောင်း ရုရှားနှင့် ယူကရိန်းတို့က မေလ ၈ ရက်နေ့တွင် အတည်ပြုခဲ့ကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကာလကို သက်တမ်းတိုးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယနေ့အစောပိုင်းတွင် Truth Social လူမှုကွန်ရက်၌ ထရန့်၏ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာချက်တွင် ၄ နှစ်ကျော်ကြာ ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံနှစ်ခုစလုံးသည် စစ်သုံ့ပန်း ၁,၀၀၀ စီကို အပြန်အလှန် လဲလှယ်ကြမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
“ဒီထက်ပိုပြီး သက်တမ်းတိုးတာကို ကျွန်တော် မြင်ချင်ပါတယ်။ ဖြစ်လည်း ဖြစ်လာနိုင်ပါတယ်” ဟု မေလ ၈ ရက် ညနေပိုင်းတွင် သတင်းထောက်များကို ၎င်းက ပြောကြားခဲ့သည်။
၁၉၄၅ ခုနှစ်က နာဇီဂျာမနီအပေါ် ဆိုဗီယက်တို့ အောင်ပွဲရခဲ့သည့် အထိမ်းအမှတ်အဖြစ် မေလ ၉ ရက်နေ့တွင် ကျင်းပမည့် Victory Day စစ်ရေးပြအခမ်းအနားကို ရုရှားက ကျင်းပရန် ပြင်ဆင်နေစဉ်၊ ယခုအပတ်အတွင်း သီးခြားစီထုတ်ပြန်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးများကို အပြန်အလှန် ချိုးဖောက်နေသည်ဟု နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲနေကြသည်။
ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေးတွင် တိုက်ခိုက်မှုအားလုံး ရပ်ဆိုင်းရန်နှင့် နိုင်ငံတစ်ခုချင်းစီမှ စစ်သုံ့ပန်း ၁,၀၀၀ စီကို လဲလှယ်ရန် ပါဝင်ကြောင်း ထရန့်က Truth Social တွင် ရေးသားခဲ့သည်။
“ဒီတောင်းဆိုချက်ကို ကျွန်တော်ကိုယ်တိုင် တိုက်ရိုက်လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ သမ္မတ ဗလာဒီမာပူတင်နဲ့ သမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးတို့က သဘောတူညီပေးခဲ့တဲ့အတွက် ကျွန်တော် အများကြီး ကျေးဇူးတင်ပါတယ်။ ဒါဟာ အလွန်ရှည်ကြာပြီး သေကြေပျက်စီးမှုများတဲ့ ခက်ခဲတဲ့စစ်ပွဲကြီးရဲ့ နိဂုံးအစ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။
ဇီလန်းစကီးက ရုရှား၏ မေလ ၉ ရက် စစ်ရေးပြအခမ်းအနားကို ကျင်းပခွင့် “ပြုသည်” ဟု ရယ် မောပြောဆိုထားပြီး ယူကရိန်းက ရုရှားနိုင်ငံ၏ (Red Square ကို တိုက်ခိုက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
မေလ ၉ ရက် ရင်ပြင်နီ စစ်ရေးပြအခမ်းအနားကို နှောင့်ယှက်ရန် ယူကရိန်း၏ မည်သည့်ကြိုးပမ်းမှုကိုမဆို ကိယက်ဗ်မြို့အပေါ် အကြီးအကျယ် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများဖြင့် တုံ့ပြန်သွားမည်ဟု ရုရှားက သတိပေးထားသည်။
သမ္မတပူတင်သည် ရုရှား၏ အထွတ်အမြတ်ထားဆုံး အမျိုးသားနေ့ဖြစ်သည့် Victory Day အထိမ်းအမှတ်ကာလအတွက် မေလ ၈ ရက်နှင့် ၉ ရက်တို့တွင် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။
