‌ဖားကန့် တိုက်ပွဲ စစ်သား ၇ ဦးသေပြီး သေနတ် ၃ လက် ရရှိဟုဆို

ဓာတ်ပုံ - ပေးပို့
ပုံစာ - တိုက်ပွဲအတွင်းသိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်သား ၇ဦးသေဆုံးပြီး သေနတ်၃လက် ရရှိခဲ့ကြောင်း သိရသည်။

မေလ ၈ ရက်၊ နံနက် ၉နာရီခန့်မှစ၍ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ‌စစ်တပ်က လေကြောင်းပစ်ကူခဲ့ကြောင်း ဖားကန့်မြို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

” မနေ့ ( မေလ ၈ရက် ) က လုံးခင်းအုပ်စုမှာ နေရာအနှံ့တိုက်ပွဲတွေဖြစ်တာပေါ့နော်။ မြို့ပြတိုက်ပွဲ ဆိုတော့လေ။ မနက်အစောပိုင်းမှာ စစ်တပ်က ဈေးထဲက ပြည်သူတွေရဲ့ ဆိုင်ကယ်တွေဘာတွေ သိမ်းတယ်။ ပြီးတော့ တိုက်ပွဲဖြစ်တယ်။ မနက် ၁၀ နာရီလောက်ကျ လေကြောင်းပစ်ကူရောက် လာပြီး လေကြောင်းတိုက်ခိုက်တယ်။ ညနေလောက်အထိ တိုက်ပွဲဆက်ဖြစ်‌တယ်။ စစ်သား ၃ဦးရဲ့ အလောင်းကို လက်ဝယ်ရရှိတယ်။ သေတာက ၇ဦးပါ။ အလောင်းတွေ တွေ့ပေမဲ့ တိုက်ပွဲဖြစ်တုန်းမို့ မကောက်နိုင်တာ။ စစ်တပ်ဘက်ကလည်း လာမကောက်ဘူး” ဟု ၎င်းက MPA ကို ပြောသည်။

နံနက် ၁၀ နာရီတွင် တစ်ကြိမ်နှင့် မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ကြိမ် စစ်တပ်က လေကြောင်းပစ် ကူခဲ့ရာ အရပ်သားပြည်သူ အမျိုးသား ၄ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။

” မနက် ၁၀ နာရီမှာ လုံးခင်းအုပ်စု၊ မလောင်ကျေးရွာနားက ကုမ္ပဏီဝင်းတစ်ခုထဲကို ကြဲတယ်။ ဝန်ထမ်းတစ်ဦး ဒဏ်ရာရတယ်။ နေ့လည် ၁၂နာရီလောက်မှာ မှော်ဆီဆာရွာကနေ ကုဋေရွာဘက်ကို သွားတဲ့ ကုဋေလမ်းဆုံက အရပ်သားနေအိမ်တွေကို ထပ်ကြဲတယ်။ နေအိမ်တွေမီးလောင်တယ်။ ထိခိုက်သူ ပြည်သူ ၃ဦး ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မေလ ၄ရက်မှစတင်ကာ မေလ ၈ရက်အထိ လုံးခင်းကျေးရွာအုပ်စုတွင် ‌စစ်တပ်နှင့် KIA ပူးပေါင်း တပ်တို့ မြေပြင်တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ပြီး ယနေ့ ( မေလ ၉ရက် )တွင် မွန်းလွဲ ၂နာရီခန့်အထိ တိုက်ပွဲများ ပြန်လည် ငြိမ်သက်နေကြောင်း သိရသည်။

လုံးခင်းကျေးရွာအုပ်စုသည် ဖားကန့်မြို့နှင့် ၇မိုင်ခန့်အကွာတွင် တည်ရှိသည်။

စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။