ဗီယက်နမ်က တောင်တရုတ်ပင်လယ်အတွင်း ဧကရာပေါင်းများစွာ ကျယ်သည့် ကျွန်းများ တိုးချဲ့တည်ဆောက်

Photo - VANTOR VIA NYTIMES
ပုံစာ - Vantor မှ ပံ့ပိုးပေးထားသော ဂြိုဟ်တုဓာတ်ပုံတွင် ၂၀၂၆ ခုနှစ် ဧပြီလအတွင်း ဗီယက်နမ်ကမ်းလွန် အငြင်းပွားရေပြင်ရှိ Antelope သန္တာကျောက်တန်းကို မြင်တွေ့ရစဉ်။

အငြင်းပွားဖွယ်ရာ တောင်တရုတ်ပင်လယ်ရှိ Spratly ကျွန်းစုများတွင် ဗီယက်နမ်နိုင်ငံက လွန်ခဲ့သောတစ်နှစ်အတွင်း ကျွန်းတည်ဆောက်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး မြေဧရိယာ ၂၁၆.၁ ဟက်တာ (၅၃၄ ဧကခန့်) ထပ်မံတိုးချဲ့ခဲ့ကာ အခြေခံအဆောက်အအုံများကိုလည်း စတင်တည်ဆောက်နေကြောင်း အမေရိကန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုက ထုတ်ပြန်ထားသည်။

ဝါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) လက်အောက်ရှိ အာရှရေကြောင်း ပွင့်လင်းမြင်သာမှု အစီအစဉ် (AMTI) မှ မေလ ၈ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြချက်အရ စပရက်တလီကျွန်းစုတစ်လျှောက်တွင် သောင်တူးလုပ်ငန်းများအသစ်ပြုလုပ်ခဲ့ခြင်းကြောင့် ဗီယက်နမ်က အဆိုပါကျွန်းစုများတွင် ပြန်လည်ဖော်ထုတ်တည်ဆောက်ခဲ့သည့် လူလုပ်ကျွန်းဧရိယာ စုစုပေါင်းမှာ ၁,၁၂၁ ဟက်တာ (၂,၇၇၀ ဧကခန့်) ရှိလာပြီဖြစ်သည်။

ထို့အပြင် ဗီယက်နမ်၏ အကြီးဆုံးအခြေစိုက်စခန်းဖြစ်လာသည့် Barque Canada သန္တာကျောက်တန်းတွင် မြေဖို့ခြင်းလုပ်ငန်းများကို ၂၀၂၅ ခုနှစ် နွေဦးကာလတွင် အပြီးသတ်ခဲ့ပြီးနောက်၊ ဟနွိုင်းအစိုးရသည် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် အခြားနေရာအသစ်အချို့၌ အသေးစားတိုးချဲ့မှုများကို စတင်ခဲ့သည်။

မြေဖို့ထားသော သန္တာကျောက်တန်းများနှင့် ရေကြောင်းလိုင်းနှင့် ဆိပ်ကမ်းများဖော်ဆောင်ရန် တူးဖော်ထားသော နေရာများအပါအဝင် ဗီယက်နမ်၏ သန္တာကျောက်တန်းဖျက်ဆီးမှု စုစုပေါင်းမှာ လက်ရှိတွင် ဟက်တာ ၁,၆၆၇ (၄,၁၁၉ ဧကခန့်) ခန့် ရှိနေသည်။

၂၀၂၅ ခုနှစ်အစောပိုင်းတွင် ဗီယက်နမ်၏ ကျွန်းတည်ဆောက်ရေးလုပ်ငန်းများသည် တရုတ်နိုင်ငံကို အမီလိုက်နိုင်မည့်အခြေအနေရှိသော်လည်း၊ Antelope သန္တာကျောက်တန်းတွင် တရုတ်၏ မြေယာဖော်ထုတ်မှုအသစ်များကြောင့် ကွာဟချက်မှာ ပြန်လည်ကျယ်ပြန့်သွားခဲ့သည်။ တရုတ်နိုင်ငံ၏ စုစုပေါင်းလူလုပ်ကျွန်းဧရိယာမှာ ၂,၂၀၉ ဟက်တာဖြစ်ပြီး သန္တာကျောက်တန်းဖျက်ဆီးမှုမှာ ၂,၅၁၈ ဟက်တာ ရှိသည်။

ဗီယက်နမ်သည် ပိုမိုကြီးမား၍ ဖွံ့ဖြိုးပြီးသား သန္တာကျောက်တန်းများပေါ်တွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများကို သိသာစွာ လုပ်ဆောင်ခဲ့ရာ Grierson ၊ Petley နှင့် South ကျွန်းစုတို့တွင် ဆိပ်ကမ်းအသစ် ၃ ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။

ယခုအလုပ်အသစ်များကြောင့် ဗီယက်နမ်တွင် ဆိပ်ကမ်းစုစုပေါင်း ၁၅ ခု ရှိလာခဲ့ပြီး ယင်းအနက် ၁၁ ခုကို ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်က တရုတ်နိုင်ငံသည် Barque Canada သန္တာကျောက်တန်းတွင် ဗီယက်နမ်၏ တည်ဆောက်ရေးလုပ်ငန်းများကို ၎င်းတို့၏ပိုင်နက်နယ်မြေဟုဆိုကာ ကန့်ကွက်ခဲ့သည်။

တရုတ်နိုင်ငံသည် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့၏ ပိုင်နက်အရေးဆိုမှုများနှင့် ထပ်တူကျနေသော်လည်း တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားသည်။