ကားဗုံးခွဲမှုနှင့် ပစ်ခတ်မှုကြောင့် ပါကစ္စတန် ရဲအရာရှိ ၁၄ ဦး သေဆုံး

ဓာတ်ပုံ - AP
ပုံစာ - ၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့က အာဖဂန်နစ္စတန်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ပါကစ္စတန်နိုင်ငံ၊ Bannu ခရိုင်ရှိ Fatah Khel ဒေသ၌ စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုအပြီး တွေ့ရစဉ်

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲကင်းစခန်းတစ်ခုတွင် ကားဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကူညီသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲအရာရှိ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က မေလ ၁၀ ရက်တွင် ပြောကြားသည်။

တိုက်ခိုက်မှုအပြီး ထွက်ပေါ်လာသည့် ဓာတ်ပုံများအရ အဆောက်အအုံမှာ ပြိုကျပျက်စီးနေပြီး အုတ်ခဲများ၊ မီးလောင်ကျွမ်းနေသည့် အပျက်အစီးများနှင့် ပျက်စီးနေသော မော်တော်ယာဉ်များမှာ အနီးဝန်းကျင်တွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။

ပြိုကျသွားသော ကင်းစခန်းအတွင်းမှ ရဲအရာရှိ ၁၄ ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့ကြောင်းနှင့် အခြားဝန်ထမ်း ၃ ဦးကို အသက်ရှင်လျက် တွေ့ရှိခဲ့သဖြင့် ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြောင်း ရဲအရာရှိ ဆာဂျက်ခန်းက ပြောကြား သည်။

တိုက်ခိုက်မှုကို စစ်သွေးကြွများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့သည် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ကားဖြင့် ရဲကင်းစခန်းကို ဦးစွာဝင်တိုက်ခဲ့ပြီးနောက်၊ အထဲသို့ ဝင်ရောက်ကာ ကျန်ရှိနေသည့် ရဲအရာရှိများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

“အခြားဥပဒေစိုးမိုးရေး ဝန်ထမ်းတွေကို ရဲတွေကို ကူညီဖို့ စေလွှတ်ခဲ့ပေမဲ့ အကြမ်းဖက်သမားတွေက သူတို့ကို ခြုံခိုတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်သွေးကြွများသည် ထိုတိုက်ခိုက်မှုတွင် ဒရုန်းများကိုလည်း အသုံးပြုခဲ့ကြောင်း ရဲသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များနှင့် ပြည်သူ့ဆေးရုံများမှ လူနာတင်ယာဉ်များ အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့ကြပြီး Bannu ခရိုင်ရှိ အစိုးရဆေးရုံများတွင် အရေးပေါ်အခြေအနေ ကြေညာထားကြောင်း တာဝန်ရှိသူများက ပြောသည်။

လူသိများသော Ittehad-ul-Mujahideen စစ်သွေးကြွအုပ်စုက ယခုတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဝန်ခံထားသည်။

အာဖဂန်နစ္စတန် အစိုးရသည် ပါကစ္စတန်တွင် တိုက်ခိုက်မှုများ ပြုလုပ်ရန် အာဖဂန်မြေကို အသုံးပြုနေသည့် စစ်သွေးကြွများကို ခိုလှုံခွင့်ပေးထားသည်ဟု ပါကစ္စတန် အစိုးရက စွပ်စွဲထားသည်။
တာလီဘန်တို့က ထိုစွပ်စွဲချက်များကို ငြင်းဆိုထားပြီး ပါကစ္စတန်အတွင်းရှိ စစ်သွေးကြွလှုပ်ရှားမှုမှာ ၎င်းတို့၏ ပြည်တွင်းရေးပြဿနာသာ ဖြစ်ကြောင်း ပြောကြားသည်။