မကြောက်မရွံ့စိတ်ဓာတ်ဖြင့် ခါးပတ်ကို ကာကွယ်နိုင်ခဲ့သည့် ဂျော့ရှူအာဗန်ကို အမေရိကန်သံရုံး ဂုဏ်ပြု

ယူအက်ဖ်စီ (UFC) Flyweight တန်း၏ ချန်ပီယံ မြန်မာ-အမေရိကန်ဖိုက်တာ ဂျော့ရှူအာဗန် (Joshua Van) သည် ၎င်း၏ ပထမဆုံးသော ခါးပတ်ကာကွယ်ပွဲတွင် ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာ (Tatsuro Taira) ကို ဒိုင်ပွဲရပ်ဖြင့် အောင်မြင်စွာ အနိုင်ယူပြီး ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့( မေ ၁၁ရက်)တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက “မင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ မကြောက်မရွံ့တတ်တဲ့ စိတ်ဓာတ်တွေဟာ မြန်မာနိုင်ငံကနေ အမေရိကန်အထိ ရှိနေတဲ့ ပရိသတ်တွေကို ဆက်လက်ပြီး ခွန်အားတွေ ပေးစွမ်းနေဆဲ ဖြစ်ပါတယ်” ဟု ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

အာရှနွယ်ဖွား ထိပ်သီးဖိုက်တာနှစ်ဦး၏ ဤဆုံတွေ့မှုသည် အာရှပရိသတ်များကြားတွင် အထူးစိတ်ဝင်စားခြင်းခံခဲ့ရပြီး အကြိတ်အနယ်ရှိလှသော ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။

ဂျော့ရှူအာဗန်သည် ယခုပွဲအပြီးတွင် ၁၈ ပွဲကစား၊ ၁၆ ပွဲနိုင်၊ ၂ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး ၎င်း၏နိုင်ပွဲများတွင် KO/TKO ဖြင့် ၈ ပွဲနှင့် Submission ဖြင့် ၂ ပွဲ ပါဝင်သည်။ ပြိုင်ဘက် တက်ဆူရိုတိုင်ရာမှာမူ ၁၉ ပွဲတွင် ၁၈ ပွဲနိုင်၊ ၂ ပွဲရှုံး မှတ်တမ်းဖြစ်သွားခဲ့သည်။

ဂျော့ရှူအာဗန်သည် ၎င်း၏လျင်မြန်မှု၊ စိတ်ဓာတ်မာကျောမှုနှင့် မြင့်မားသော Fight IQ တို့ကို အသုံးချကာ ခက်ခဲသော စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဤနိုင်ပွဲကြောင့် ဂျော့ရှူအာဗန်သည် ကမ္ဘာ့အဆင့် (၁) MMA ပရိုမိုးရှင်းကြီးဖြစ်သော UFC ၏ ထိုက်တန်သည့် ချန်ပီယံဖြစ်ကြောင်း ထပ်မံသက်သေပြနိုင်ခဲ့ပြီး ၎င်း၏ ပထမဆုံးသော ခါးပတ်ကာကွယ်ပွဲကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည့် မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်။